ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၅ရက်
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကို ပြန်လည်ထိန်းချုပ်ရန် စစ်ကော်မရှင်က ရေကြောင်းအသုံးပြု၍ ထိုးစစ်ဆင် လာကြောင်း သိရသည်။
စစ်ကော်မရှင်၏ ရေတပ်စစ်သင်္ဘောများသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်မှစတင်ကာ ဂွကမ်းခြေနှင့် အနီးတဝိုက်ကို လှည့်ပတ်၍ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်လာကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
”ကြွေချိုင်ဘက်ကို နေဗီတွေနဲ့လာပစ်တယ်။ နေဗီ ငါးစင်းလောက်ပုံမှန်လှည့်ပြီးပစ်နေတာ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကော်မရှင်သည် ဧရာဝတီတိုင်းနှင့်ထိစပ်နေသည့် ဂွမြို့နယ်အတွင်းမှ ငါးပင်စု၊ မကျည်းပင်၊ ပဒဲကော၊ ရွာမ စသည့် ကျေးရွာများကို လူအင်အားများသုံးကာ တပ်ဖြန့်လာရန်ကြိုးပမ်းနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်အပြင်ဘက် ဧရာဝတီမြစ်အနောက်ခြမ်းတလျှောက် တိုက်စစ်၊ ခံစစ်ဖြန့်နေရသည့် စစ်ကော်မရှင်က ပြည်၊ ပန်းတောင်းတပ်နယ်အတွင်း ကပစ ၁၆ အထိ ထိုးစစ်ဦးတည်လာချိန် စစ်ရေးလမ်းကြောင်းလွှဲရန်ပြုလုပ်နေခြင်းလည်း ဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
စစ်ကော်မရှင်သည် ဘောမိဘက်မှနေ၍ သံချပ်ကာယာဉ်များပါ အသုံးပြုကာ မကျည်းဇင်၊ ဂွမြို့နယ် ကျောက်ချွန်လမ်းအတိုင်း ထိုးစစ်ဆင်နိုင်ရန် ကြိုးပမ်းလာသည်။
ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းအတွင်း တပ်ဖြန့်ထားရသည့် စစ်ကော်မရှင်သည် ဧရာဝတီတိုင်း အတွင်း၌ လေးမျက်နှာ၊ သာပေါင်း၊ ရေကြည်၊ အင်္ဂပူမြို့နယ်များတွင် အာရက္ခတပ်တော် (AA) နှင့်တိုက်ပွဲများ ရင်ဆိုင်နေရပြီး အင်အားပြုန်းတီးလျက်ရှိကြောင်း သိရသည်။
ပုံစာ-စစ်ကော်မရှင်တပ်မှရေယာဉ်များ(ပုံဟောင်း)