ဧရာဝတီတိုင်းမ်
(တန့်ဆည်)၊ ဖေဖော်ဝါရီ ၅ ရက်

 

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မြောက်ပိုင်းရှိ သစ္စေးကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကော် မရှင်က ယနေ့ ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင် တစ်ပါးအပါအဝင် အရပ်သား ခြောက်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

 

စစ်ကော်မရှင်သည် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အဆိုပါကျေးရွာရှိ စစ်ဘေးရှောင်များ ခိုလှုံ နေသည့် ဘုန်းကြီးကျောင်းကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကိုရင်ငယ်တစ်ပါး၊ အမျိုးသမီး သုံးဦးနှင့် အမျိုးသား တစ်ဦး အပါအဝင် ခြောက် ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ အများအပြားရှိနေကြောင်း မြေပြင်သတင်းရင်း မြစ်များက ဆိုသည်။

 

“သေဆုံးသူတွေထဲက ကိုရင်ငယ်လေးဆိုရင် ဗုံးဒဏ်ကြောင့် အလောင်းတောင် ရှာမရတော့တဲ့အထိ ဖြစ်သွားတာဗျ။ တိုက်ပွဲလည်းမရှိဘဲ ဗုံးတွေကြဲရုံတင်မကဘူး၊ စက်သေနတ်တွေနဲ့ပါ ပစ်သွားတာ” ဟု ဒေသခံသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဆောင်နှင့် ကျောင်းဝင်းအတွင်းရှိ မော်တော်ယာဉ်ဝပ်ရှော့တို့ ထိမှန်ပျက်စီးခဲ့ရပြီး၊ ကျေးရွာအတွင်း၌လည်း မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကိုလည်း တွေ့ရှိထားကြောင်း သိရသည်။

 

တန့်ဆည်မြို့နယ်အတွင်း စစ်ကော်မရှင်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင်နေပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့ကလည်း ကော်တက်ကျေးရွာကို လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် အရပ်သား နှစ် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ – ပေးပို့