ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ဖေဖော်ဝါရီ ၅ ရက်

 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် စစ်ကူပို့လာသည့် စစ်ကော်မရှင် ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်မှူး တစ်ဦးအပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၆ ဦး သေဆုံးခဲ့ကြောင်း ချင်းပြည်အစိုးရ (CC) စစ်ရေး သတင်း အရင်းမြစ်ထံမှ သိရသည်။

 

ကလေးမြို့ဘက်မှ ဖလမ်းမြို့သို့ ဦးတည်ချီတက်လာသော စစ်ကော်မရှင် စစ်ကြောင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့က သိုင်းငင်း-ဖလမ်း လမ်းပိုင်း၊ ဇောင်လေးရွာအနီးတွင် ချင်းပူးပေါင်းတပ်ဖွဲ့များ က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲဖြစ်တာက ၂နာရီလောက် ကြာတယ်။ စစ်ကော်မရှင်ဘက် ဗိုလ်မှူးတစ်ဦးအပါအဝင် ၃၆ ဦး သေဆုံးတယ်။ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိတယ်။ ကျွန်တော်တို့ဘက်ကလည်း ရဲဘော်တချို့ ထိခိုက်မှုရှိတယ်”ဟု ချင်းပြည်အစိုးရ (CC) စစ်ရေးသတင်းအရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

တိုက်ပွဲအပြီး ချင်းပူးပေါင်းတပ်ဖွဲ့သည် စစ်ကော်မရှင်ထံမှ လက်နက်ငယ်၊ လက်နက်ကြီး ၃၃ လက်၊ ကျည်ဆံမျိုးစုံ ၅,၀၅၆ တောင့်၊ M-79 ဗုံးသီး ၄၈ လုံးနှင့် လေယာဥ်ဖြင့် ချပေးသည့် ရိက္ခာတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

“မနေ့က တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဘက်က အထိခိုက်သေဆုံးမှုများပေမဲ့ စစ်ကြောင်းတွေမှာ စကစ အင်အား ရာနဲ့ချီပြီး ကျန်သေးပါတယ်။ တိုက်ပွဲတွေက အချိန်မရွေး ပြန်လည်ပြင်းထန်နိုင်တဲ့ အခြေ အနေမျိုးမှာ ရှိပါတယ်” ဟု ချင်းပြည်အစိုးရ (CC) စစ်ရေးသတင်းအရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်သည် ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ အင်အား ၁,၀၀၀ ခန့်ဖြင့် ကလေး-သိုင်းငင်း နှင့် ကလေး-ဝေဘူလ မှတစ်ဆင့် လမ်းကြောင်းနှစ်ခုဖြင့် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

 

ထိုသို့ ထိုးစစ်ဆင်လာသော်လည်း ခွာန်လီနှင့် ဆုန်ဟရမ်းကျေးရွာများအနီးတွင် ချင်းတပ်ဖွဲ့များ၏ ခုခံမှုကြောင့် ရှေ့မတိုးနိုင်ဘဲ တန့်နေခဲ့ရာမှ ဇန်နဝါရီ ၂၀ ရက်တွင် ကလေးမြို့မှ ထပ်မံစေလွှတ်သည့် စစ်ကူအင်အား ၃၀၀ ခန့်မှာ ထပ်မံ၍ ကြားဖြတ်တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ပုံစာ-သိမ်းဆည်းရမိသည့်စစ်လက်နက်နှင့်ရိက္ခာပစ္စည်းများ