ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၅ ရက်
စစ်တပ်၏ တရားမဝင် အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံသားများ ၁၀စုနှစ်တစ်ခုကြာ ကြိုးပမ်း အားထုတ်ခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှု ရလဒ်များ ဆုတ်ယုတ်သွားစေပြီး တိုင်းပြည်အတွင်း လူမှုအဖွဲ့ အစည်း ပြိုကွဲမှုများ ဖြစ်ပေါ်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်သည်။
ယခုနှစ်အတွက် ကျင်းပသည့် UNDP၊ UNFPA နှင့် UNOPS တို့၏ ပထမအကြိမ် ပုံမှန်အစည်း အဝေးတွင် သံအ မတ်ကြီးက မြန်မာ့အရေးနှင့် ပတ်သက်၍ ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် အလုပ်အကိုင် ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်သော်လည်း လုပ်ခလစာ တိုးတက်မှုမရှိခြင်းနှင့် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေမှုတို့ကြောင့် လူငယ်များ အလုံးအရင်းဖြင့် ပြည်ပသို့ ထွက်ခွာနေရသည့် အခြေအနေမှာ စိုးရိမ်ဖွယ် ဖြစ်ပေါ်နေပြီး တိုင်းပြည်၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးကို ခြိမ်းခြောက်နေကြောင်း သံအမတ်ကြီးက ထောက်ပြပြောဆိုသည်။
“တရားမဝင် စစ်အာဏာသိမ်းမှု ၅ နှစ်တာအတွင်းမှာ ထိခိုက်လွယ်တဲ့ အခြေအနေမှာရှိတဲ့ မြန်မာ ပြည်သူတွေကို ကယ်တင်ဖို့ ကုလသမဂ္ဂအနေနဲ့ ထိရောက်ပြတ်သားစွာ ဆောင်ရွက်ဖို့အတွက် နောက်ထပ် စောင့်ဆိုင်းနေလို့ မရတော့ပါဘူး။ မြန်မာလူငယ်တွေဟာ နှစ်ပေါင်းများစွာကို အကျိုးမဲ့ ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်” ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုသည်။

UNDP ၏ အစီရင်ခံစာများအရ မြန်မာနိုင်ငံ လူဦးရေ၏ ထက်ဝက်နီးပါးမှာ ဆင်းရဲမွဲတေမှု သတ်မှတ် ချက်မျဉ်းအောက်သို့ ရောက်ရှိနေပြီး တိုင်းပြည်၏ အဓိကမောင်းနှင်အားဖြစ်သော လူလတ်တန်းစားမှာ ပျောက်ကွယ်လုနီးပါး ဖြစ်လာကာ မြို့ပြဆင်းရဲနွမ်းပါးမှုမှာလည်း သိသိသာသာ မြင့်တက်လျှက်ရှိသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် စစ်ဘေးကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ ၃ ဒသမ ၆ သန်း ကျော် ရှိလာနေပြီး လူဦးရေ ၂၂ သန်းနီးပါးမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ သံအမတ်ကြီးက နိုင်ငံအတွင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိရန်အတွက် စစ်မှန်သော ဒီမိုကရေစီကို ပြန်လည်ထူထောင်ရန်နှင့် ပြည်သူလူထု၏ ဆန္ဒများကို ဦးစားပေး ဖြည့်ဆည်းပေးရန် ကုလသမဂ္ဂ အဖွဲ့အစည်းများသို့ တိုက်တွန်းပြောကြားခဲ့သည်။
ဓာတ်ပုံ – UN