ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၅ ရက်

 

အာဏာသိမ်းမှု ၅ နှစ်တာအတွင်း နိုင်ငံ၏ စီးပွားရေး၊ ပညာရေးနှင့် လူမှုအဖွဲ့အစည်းတစ်ရပ်လုံးကို ကိုယ်တိုင်ဖျက်ဆီးနေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရန်ကုန်တက္ကသိုလ်က ‘စီမံခန့်ခွဲမှုကျွမ်းကျင်သူ’ အဖြစ် ပုံဖော်၍ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ပေးအပ်ခဲ့သည်။

 

အာဏာသိမ်းစစ်ခေါင်းဆောင်က ၎င်း၏ လက်ထက်တွင် နိုင်ငံရေးနှင့် စီးပွားရေး စိန်ခေါ်မှုများကို စနစ်တကျ စီမံခန့်ခွဲနိုင်ခဲ့သည်ဟု ဆိုကာ ရန်ကုန်တက္ကသိုလ်မှပေးသော “ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့” ကို ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ရယူခဲ့ခြင်းဖြစ်သည်။

တိုင်းပြည်အတွင်း စစ်မီးတောက်လောင်၍ ပြည်သူသန်းပေါင်းများစွာ နေရပ်စွန့်ခွာနေရပြီး စစ်မှုထမ်း ဥပဒေဖြင့် လူငယ်များ၏ အနာဂတ်များ ဖျက်ဆီးခံရနေသော်လည်း စစ်ကော်မရှင်ခန့် ပညာရေးဝန်ကြီး ဒေါက်တာချောချောစိန်က စစ်ခေါင်းဆောင်၏ စွမ်းဆောင်ရည်များကို ယခုလို ဖတ်ကြားတင်ပြခဲ့သည်။

 

” နိုင်ငံတော်အကြီးအကဲအား ဂုဏ်ထူးဆောင်ပါရဂူဘွဲကို အပ်နှင်းရခြင်းမှာ မိမိတိုနိုင်ငံ၏ နိုင်ငံရေး အပြောင်း အလဲဖြစ်စဉ်တွင် ကြုံတွေ့ခဲ့ရသည့်စိန်ခေါ်မှုအခက်အခဲများကို ဦးဆောင်ဦးရွက်ပြုပြီး စနစ်တကျစီမံခန့်ခွဲ ဖြေရှင်းနိုင်ခဲ့သော စွမ်းဆောင်ချက်များကြောင့်ဖြစ်သည်။ ယခုလို ဂုဏ်ထူးဆောင် ပြည်သူ့ရေး ရာစီမံခန့်ခွဲမှုပါရဂူဘွဲကို ပေးအပ်ခွင့်ရ၍ ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တက္ကသိုလ်တို့ အတွက် ဂုဏ်ယူ ဝမ်းမြောက်ပီတိဖြစ်ရသည်” ဟု ပညာရေးဝန်ကြီး ဒေါက်တာချောချောစိန်က ဖတ်ကြားသည်။

 

စစ်ခေါင်းဆောင်က ၎င်းသည် ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီး ယခုလို အပ်နှင်း သည့် ဘွဲ့နှင့်အညီ ပညာရေးကို ဆက်လက်အားပေးသွားမည်ဟု ဆိုထားသည်။

 

ဓာတ်ပုံ-စစ်ကော်မရှင်တယ်လီဂရမ်