ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၅ ရက်

တရုတ်နိုင်ငံဟာ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ တိုင်းပြည်အခြေအနေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ် လျှောက်လှမ်းမှုကို ထောက်ခံတယ်လို့ တရုတ်၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ လင်ကျင်းက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

မြန်မာ အထွေထွေရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက အပြတ် အသတ် အနိုင်ရရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာမှုအပေါ် မှတ်ချက်ပေးဖို့ မေးမြန်းမှုကို ၎င်းက အခုလို ဖြေကြားခဲ့တာပါ။

နိုင်ငံရေးတည်ငြိမ်မှုကို ပူးပေါင်းကာကွယ်ဖို့ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးရဲ့ ရေရှည်တည်တံ့ သော ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်မှုကို တရုတ်နိုင်ငံက ထောက်ခံအားပေးတယ်လို့ သူက ပေကျင်းမြို့မှာကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တရုတ်နိုင်ငံက မြန်မာပြည်သူတွေရဲ့ ရွေးချယ်မှုကို လေးစားသမှုရှိပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိဖို့ မြန်မာနိုင်ငံကို အပြုသဘောဆောင်တဲ့ အကူအညီတွေ ဆက်လက်ပေး အပ်မယ်လို့ လင်ကျင်းက ဆိုပါတယ်။

မြန်မာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ အစီအစဉ်ကျပြီး ပြည်သူတွေ တက်ကြွစွာ မဲပေးခဲ့တယ်လို့ တရုတ်နိုင်ငံက ပြီးခဲ့တဲ့အပတ်မှာ ပြောကြားခဲ့ပါသေးတယ်။

မြန်မာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲ အတုအယောင်လို့ အနောက်နိုင်ငံတွေ၊ လူ့အခွင်အရေးအဖွဲ့ တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ခဲ့ပေမယ့် မြန်မာရွေးကောက်ပွဲဟာ လွတ်လပ်ပြီး ပွင့်လင်းမြင် သာမှုရှိတယ်လို့ ရုရှားနိုင်ငံက ထုတ်ဖော်ပြောခဲ့ပါတယ်။

ကိုးကား – Global Times
Ref: China supports Myanmar people’s choice, will continue to provide constructive assistance: FM on Myanmar election results