ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ ရက်

 

ထိုင်းနိုင်ငံတွင် လာမည့် ဖေဖော်ဝါရီ ၈ နေ့၌ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ယခင် Move Forward ပါတီမှ ပြောင်းလဲဖွဲ့စည်းထားသည့် People’s Party မှာ ထိုင်းလူထုစိတ်ဝင်စားမှုအများဆုံးပါတီ အဖြစ်ရှိနေကြောင်း သိရသည်။

 

ရွေးကောက်ပွဲမတိုင်မီ ကောက်ယူထားသည့် လူထုသဘော ထားစစ်တမ်း အများစုတွင် People’s Party မှ ဦးဆောင်နေပြီး ပါတီခေါင်းဆောင် Natthaphong Ruengpanyawut (နတ်ထဖွန်း) မှာလည်း လူကြိုက်အများဆုံး ဝန်ကြီးချုပ်လောင်းလျာအဖြစ် ရပ်တည်နေကြောင်း သိရသည်။

 

ယုံကြည်ရသည့် စစ်တမ်းများအနက် တစ်ခုဖြစ်သည့် Suan Duist စစ်တမ်းအရ ပါတီခေါင်းဆောင် နတ်ထဖွန်းက ၃၅.၁ ရာခိုင်နှုန်းဖြင့် ဝန်ကြီးချုပ်လောင်းနေရာအတွက် ဦးဆောင်နေပြီး NIDA စစ်တမ်းတွင်လည်း ၂၄.၇ ရာခိုင်နှုန်းဖြင့် ဦးဆောင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် People’s Party သည် ဝန်ကြီးချုပ်လောင်းနေရာအတွက်သာမက ပါတီအနေဖြင့်လည်း စစ်တမ်းအားလုံးနီးပါးတွင် ရေပန်းစားမှုထိပ်ဆုံးတွင်ရှိနေသည်။

 

ယခင်Move Forward ပါတီခေါင်းဆောင်ဟောင်း ဖိထာလင်ဂျာရွတ်မှလည်း လက်ရှိမဲဆွယ်စည်းရုံးပွဲများတွင် People’s Party နှင့်အတူ မဲဆွယ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

“အနည်းဆုံး နေရာ ၂၀၀ ခု၊ ဒါကကျွန်တော်တို့တွက်ချက်မှုအပေါ် အခြေခံထားတယ်။ အလွန်အကျွံရည်မှန်းချက်ထားနေတာ မဟုတ်ဘူး။ အစိုးရဖွဲ့ခွင့်မရမှာ စိုးရိမ်တဲ့အတွက် ဒါက အနည်းဆုံးရည်မှန်းချက်ပါပဲ” ဟု မဲဆွယ်စည်းရုံးရေးပွဲတစ်ခုတွင် ပါတီခေါင်းဆောင်နတ်ထဖွန်းက ပြောကြားခဲ့သည်။

ခေါင်ဆောင်းဟောင်း ဖိထာလင်ဂျာရွတ်ကလည်း ယခင်ရွေးကောက်ပွဲ၌ Move Forward ပါတီမှာ လွှတ်တော်တွင် အစိုးရဖွဲ့စည်းနိုင်ရန် လုံလောက်စွာအနိုင်မရခဲ့သည့် အတွက် လက်ရှိတွင် အပြတ်အသတ်အနိုင်ရပြီး အစိုးရဖွဲ့နိုင်ရန် ထိုင်းပြည်သူများအနေဖြင့် People’s Party ကို မဲပေးကြရန်လည်း တိုက်တွန်းထားသည်။

 

ဖိထာလင်ဂျာရွတ်သည် ပြီးခဲ့သည့် ဖေဖော်ဝါ ရီ ၂ ရက်နေ့ကလည်း လက်ရှိပါတီခေါင်း ဆောင်နတ်ထဖွန်းနှင့်အတူ စူဖန်ဘူရီခရိုင်တွင် မဲဆွယ်စည်းရုံးရေးဆင်းခဲ့သည်။

 

လက်ရှိ ထိုင်းနိုင်ငံရေးပါတီများက အမျိုး သားရေး၊ လူမျိုး ရေးကို အသုံးချကာ မဲဆွယ်မှုများပြုလုပ်နေကြသည့်အပေါ်ကိုလည်း ပါတီခေါင်းဆောင်နတ်ထဖွန်း ဝေဖန်မှုများပြုလုပ်ခဲ့သည်။

 

ပါတီသည် ပြီးခဲ့သည့် ၂၀၁၉ ရွေးကောက်ပွဲတွင် Future Forward ပါတီအဖြစ်ယှဉ်ပြိုင်စဉ် မဲ ၆ သန်းရရှိခဲ့ပြီး ၂၀၂၃ ရွေးကောက်ပွဲတွင် Move Forward ပါတီအဖြစ်ပြောင်းလဲယှဉ်ပြိုင်ခဲ့ရာ မဲ ၁၄ သန်းဖြင့် အများဆုံးအနိုင်ရရှိခဲ့သည်။

 

Move Forward ပါတီမှ ပြောင်းလဲဖွဲ့စည်းထားသည့် People’s Party သည် ယခု ၂၀၂၆ ရွေးကောက်ပွဲတွင် မဲ ၂၀ သန်းအထိ ရရှိနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

 

ကိုးကား – The Nation Thailand