နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ ရက်
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၎င်းတို့ပြုလုပ်ခဲ့သည့် အတု အယောင် ရွေးကောက်ပွဲမှနေ၍ ထွက်ပေါ်လာမည့် အစိုးရနှင့် သမ္မတအထက်တွင် ရှိနေမည့် “ပြည် ထောင်စုအတိုင်ပင်ခံကောင်စီ” ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် အာဏာအားလုံးကို ဆက်လက်ချုပ်ကိုင်ရန် ပြင်ဆင်လာကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြ သည်။
“ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ”ဥပဒေကို ယာယီသမ္မတအဖြစ် တာဝန်ယူထားသည့် စစ်ခေါင်း ဆောင်မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၃ ရက်တွင် လက်မှတ်ရေးထိုး အတည်ပြုခဲ့ပြီး ယင်းဥပဒေသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁၇ ကို အလွဲသုံးစားလုပ်ကာ သမ္မတထက် လုပ်ပိုင်ခွင့်ပိုကြီးသည့် အဖွဲ့ အစည်းတစ်ရပ် ဖန်တီးလိုက်ခြင်းဖြစ်သည်။
ယင်းဥပဒေ ဖြစ်ပေါ်လာမှုသည် ယခင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ဖန်တီး ထားသော စစ်အုပ်စု၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ- ၂၁၇ အရဖြစ်ပြီး NLD အစိုးရ လက်ထက်တွင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟူ၍ နေရာရှိခဲ့ကြောင်း ဥပဒေပညာရှင် တရား လွှတ်တော်ရှေ့နေ စောဘဦးလေးက ဆိုသည်။
“ဒီဥပဒေ ထွက်လာခြင်းအားဖြင့် (စစ်ခေါင်းဆောင်) မင်းအောင်လှိုင်ဟာ စစ်တပ်ရာထူး မရှိဘဲနဲ့ သမ္မတရာထူးကို ယူတာက သူ့အတွက် အန္တရာယ်များတဲ့အတွက် သမ္မတရာထူးကို မယူတော့ဘဲနဲ့ သမ္မတရဲ့ အထက်မှာနေတဲ့ ကောင်စီဥက္ကဋ္ဌနေရာပဲ တပ်ချုပ်ရာထူးနဲ့အတူ ယူလိမ့်မယ်လို့ ခန့်မှန်းမိတယ်” ဟု စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ- ၂၁၇ ဆိုသည်မှာ နိုင်ငံအုပ်ချုပ်မှု အာဏာသည် သမ္မတ၌သာရှိပြီး ၎င်းပြီးလျှင် ပြည်ထောင်စုလွှတ်တော်အနေဖြင့် လူပုဂ္ဂိုလ်တစ်ဦးဦးကို ဖြစ်စေ၊ အဖွဲ့အစည်း တစ်ရပ် ရပ်ကိုဖြစ်စေ တာဝန်နှင့် လုပ်ပိုင်ခွင့်များ (အာဏာအမြင့်ဆုံး) ပေးအပ်၍ရကြောင်း ဖော်ပြသိရသည်။
လက်ရှိတွင် စစ်ခေါင်းဆောင်နှင့် ၎င်းလက်အောက်ခံ အဖွဲ့အစည်းများကို အကြမ်းဖက်သမားများ အဖြစ်အပြင် နိုင်ငံတော်နှင့် ပြည်သူလူထု ရန်သူအဖြစ် ကြေညာထား၍ ယခုကိစ္စမှာ တရားဝင်မှု မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဆိုသည်။
“ဒီလူတွေဟာ နိုင်ငံ့ခေါင်းဆောင်တွေကို မတရားဖမ်းဆီးပြီး နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ထားတဲ့ ရာဇဝတ်ကောင်တွေဖြစ်လို့ ဒီလိုမျိုး ဥပဒေပြုပိုင်ခွင့် သူတို့မှာ ရှိမနေဘူး။ အဲတော့ ဒါဟာ ဥပဒေ အမည်ခံပြီး ထုတ်လိုက်တဲ့၊ တရားဝင်မှုမရှိတဲ့ စာရွက်သာသာပဲရှိတယ်” ဟု ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါဥပဒေကို ဖန်တီးသည့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသည် ၎င်းဦးဆောင်၍ “နိုင်ငံ့ဥသျှောင်အဖွဲ့” ဖွဲ့စည်းကာ အာဏာဆက်လက် ချုပ်ကိုင်ရန် ကြိုးစားဖူးပြီး ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးက လက်မခံသဖြင့် အထမမြောက်ဘဲ အစီအစဉ် ပျက်သွားခဲ့ကြောင်း သိရသည်။
ယင်းနောက် ၂၀၁၆ ခုနှစ်တွင် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် ထိုပုဒ်မကို အသုံးချ၍ သမ္မတဖြစ်ခွင့် ပိတ်ပင်ထားခံရသော ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် နေရာရာထူး ပေးခဲ့သောကြောင့် စစ်တပ်ကိုယ်စားလှယ်များက လွှတ်တော် အတွင်း လက်မခံဘဲ ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။
အလားတူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အားနည်းချက်များ၊ မမျှတမှုများအပြင် ပုဒ်မ – ၂၁၇ ကို ရှာဖွေတွေ့ရှိ ထောက်ပြ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေအား ရေးဆွဲသည်ဆိုသော NLD ပါတီ၏ ဥပဒေ အကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကိုလည်း လုပ်ကြံသတ်ဖြတ်ရန် စေခိုင်း ခဲ့သည်။
“အတုအယာင် ရွေးကာက်ပွဲဟာ ဘာမှအပြောင်းအလဲ ဖြစ်မှာမဟုတ်ဘူးလို့ ကျွန်တော်တို့ ပြောခဲ့တယ်။ ဒီအတိုင်းပဲ အခုမင်းအောင်လှိုင် လုပ်နေတဲ့ အခင်းအကျင်းဟာဆိုလည်း သူ့ရဲ့အာဏာကို ရေရှည်ဆုပ်ကိုင်ထားဖို့ ဖန်တီးနေတဲ့ သဘောလို့တော့ မြင်ပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။
စစ်ခေါင်းဆောင်ကမူ ကောင်စီဥပဒေ ပြဋ္ဌာန်းရခြင်း ရည်ရွယ်ချက်မှာ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင် စုတည်ဆောက်ရေး၊ တိုင်းပြည် သာယာဝပြောရေး၊ စားရေရိက္ခာ ပေါများရေးတို့အတွက် ဖြစ်သည်ဟု ဖော်ပြဆိုထားသည်။
ယင်းအပြင် ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေ၏ ရည်ရွယ်ချက်များနှင့်အညီ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ ငြိမ်းချမ်းရေး၊ ဥပဒေပြဋ္ဌာန်းရေး ကိစ္စရပ်များကို အကြံပေး၊ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ ပြုနိုင်ရန်အတွက် ကောင်စီကို ဖွဲ့စည်းရန် သမ္မတအား အခွင့် အာဏာ အပ်နှင်းရမည်ဟု သိရသည်။
“လာမယ့်လွှတ်တော်ကို မစောင့်ဘဲ သူတို့လိုချင်တဲ့ အခင်းအကျင်း၊ ဖွဲ့စည်းပုံတွေကို ဥပဒေ ပြဌာန်းနေတာ မြင်ရပါတယ်။ ဖြစ်နိုင်တာက ရွေးကောက်ပွဲနောက်ပိုင်း အစိုးရကို ထိန်းချုပ်လွှမ်းမိုး ချင်တာ ဖြစ်ဖို့များပါတယ်။ သူ့ရဲ့သမ္မတ ရည်မှန်းချက်ကို စွန့်လွှတ်ပြီလို့တော့ ပြောဖို့ ခက်သေးတယ်” ဟု နိုင်ငံရေး အကဲခတ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်ခေါင်းဆောင်၏ “ပြည်ထောင်စုအတိုင်ပင်ခံ ကောင်စီ” ဥပဒေတွင်လည်း အားနည်းချက် များ တွေ့ရှိရပြီး မည်သူ့ကို အစီရင်ခံ၊ တာဝန်ခံရမည်ဟု မပါရှိသကဲ့သို့ ဖွဲ့စည်းသွားမည့် ကောင်စီအဖွဲ့ဝင် အရည် အချင်း သတ်မှတ်မှုများ ဖော်ပြမထားကြောင်း နိုင်ငံရေး အကဲခတ်က ဆက်လက်သုံးသပ် ထောက်ပြသည်။
စစ်ခေါင်းဆောင်၏ ကောင်စီဥပဒေအရ သမ္မတက သင့်လျော်သည့်ပုဂ္ဂိုလ်များဖြင့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို သတ်မှတ်ပေးရမည်ဖြစ်ပြီး ၎င်းတို့အပါအဝင် အဖွဲ့ဝင် ၅ ဦးထက်မနည်း ဖွဲ့စည်း၍ လစဉ်ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယာင်နှင့် ခံစားခွင့်များပေးကာ သက်တမ်းအား သမ္မတနှင့်အတူ ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-MOI