ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ ရက်
နိုင်ငံသူနိုင်ငံသားများအနေဖြင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ် အစွဲပြု၍ တိုင်းချစ်ပြည်ချစ် စိတ်ရှိ ခြင်းထက် နိုင်ငံအပေါ်၌သာ အစွဲပြုရန်လိုအပ်ကြောင်းနှင့် ရုပ်ရှင်ရုံများတွင် နိုင်ငံတော်သီချင်းဖွင့်ချိန် အလေးမပြုသူများရှိနေသည်ကို စိတ်မကောင်းဖွယ်တွေ့ရကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားသည်။
စစ်ခေါင်းဆောင်သည် ယမန်နေ့ ဖေဖော်ဝါရီ ၃ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်ကာကွယ်ရေးတက္က သိုလ်မှ အရာရှိကြီးများနှင့်သင်တန်းသားများကို ဗီဒီယိုကွန်ဖရင့်ဖြင့် အမှာစကားပြောကြားရာတွင် ၎င်းက ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံသားတိုင်းသည် နိုင်ငံတော်အလံနှင့် နိုင်ငံတော်သီချင်းတို့ကို အထွတ်အမြတ်ထားရမည် ဖြစ်သော် လည်း လက်ရှိတွင် ဆိုရှယ်မီဒီယာများပေါ်၌ ရုပ်ရှင်ရုံအတွင်း နိုင်ငံတော်အလံကို အလေးမပြုသူများနှင့် နိုင်ငံတော် သီချင်းကို သီဆိုခြင်းမရှိသူများကို တွေ့ရှိရသဖြင့် တိုင်းချစ်ပြည်ချစ်စိတ် အားနည်းနေ ကြောင်း စစ်ခေါင်းဆောင်က ဝေဖန်ခဲ့သည်။
ထို့ပြင် နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ်သော်လည်း လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း များအပေါ် မှီခိုနေသည်ကို တွေ့ရကြောင်း၊ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲများရှိနေပါက ကောင်းမွန်သောအုပ်ချုပ်ရေး (Good Governance) မဖြစ်နိုင်ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တိုင်းချစ်ပြည်ချစ်စိတ် တည်ဆောက်ရန် လိုအပ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
လက်ရှိတွင် စစ်ကော်မရှင်သည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ၌ ပါဝင်ခဲ့သည့် ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများကို ပြစ်မှုကျူးလွန်ထားခြင်းမရှိပါက အမည်မည်းစာရင်း (Blacklist) မှ ပယ်ဖျက်ပေးမည်ဖြစ် ကြောင်းနှင့် လုပ်ငန်းခွင်ပြန်ဝင်ရန် ဖိတ်ခေါ်စာများ ထုတ်ပြန်ထား သည့်အချိန်လည်း ဖြစ်သည်။
သို့သော်လည်း စစ်အာဏာသိမ်းမှု ၅ နှစ်တာကာလအတွင်း ပြည်သူလူထုနှင့် ဝန်ထမ်းအများစုသည် စစ်ကော်မရှင်၏ အုပ်ချုပ်မှုကို နည်းမျိုးစုံဖြင့် ဆန့်ကျင်နေကြဆဲဖြစ်ပြီး ယခုစစ်ခေါင်းဆောင်၏ ပြောကြားချက်မှာ ၎င်းတို့အပေါ် ပြည်သူက ထောက်ခံမှုမရှိခြင်းကို ဖုံးကွယ်ရန် ကြိုးပမ်းခြင်းသာ ဖြစ်သည့် CDM ဝန်ထမ်းများက ဆိုသည်။
ဓာတ်ပုံ – စစ်ကော်မရှင်