ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ ရက်
အာရေဗျပင်လယ်အတွင်း နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Abraham Lincoln အနီး ချည်းကပ်လာတဲ့ အီရန်ဒရုန်းတစ်စင်းကို ပစ်ချခဲ့တယ်လို့ အမေရိကန် စစ်ဌာနချုပ်က ပြော ပါတယ်။
အမေရိကန် F-35 ဂျက်တိုက်လေယာဉ်တစ်စင်းဟာ လေယာဉ်တင်သင်္ဘောနဲ့ သင်္ဘောပေါ်ပါ တပ် ဖွဲ့ဝင်တွေကို ကာကွယ်ဖို့ Shahed ဒရုန်းတစ်စင်းကို ပစ်ချခဲ့တယ်လို့ ဗဟိုစစ်ဌာနချုပ်က အင်္ဂါနေ့မှာ ပြော ကြားခဲ့ပါတယ်။
အမေရိကန်တပ်ဖွဲ့တွေ ဒဏ်ရာရရှိခဲ့ခြင်းမရှိသလို အမေရိကန်စစ်လက်နက်တွေ ထိခိုက်ပျက်စီးခဲ့ တာ မရှိဘူးလို့ သိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရဟာ နျူကလီးယား အစီအစဉ် ဆွေးနွေးမှုတွေကို သ ဘောတူရေး အီရန်နိုင်ငံအပေါ် ဖိအားတိုးပေးဖို့ အရှေ့အလယ်ပိုင်းဒေသသို့ လေယာဉ်တင်သင်္ဘောတစ် စင်း စေလွှတ်ခဲ့ပါတယ်။
အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝှစ်ကော့ဖ်နဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာ ရတ်ချီတို့ဟာ သောကြာနေ့မှာ တူရကီနိုင်ငံ၊ အီစတန်ဘူလ်မြို့မှာ တွေ့ဆုံမှာဖြစ်ပြီး အရှေ့အလယ်ပိုင်း နိုင်ငံအချို့မှ နိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်မယ်လို့ အမေရိကန်သတင်းဝဘ်ဆိုဒ် Axios က ဖော်ပြခဲ့ပါတယ်။
အီရန်နိုင်ငံက ဆွေးနွေးပွဲကျင်းပမယ့်နေရာကို အိုမန်နိုင်ငံသို့ ရွှေ့ပြောင်းကာ အမေရိကန်နိုင်ငံနဲ့ နှစ်နိုင်ငံ ဆွေးနွေးမှုတွေ ပြုလုပ်လိုတယ်လို့ အဆိုပါသတင်းဌာနက ဆိုပါတယ်။
အမေရိကန်နဲ့အီရန်ကြား ဆွေးနွေးမှုတွေ အဆင်မပြေပါက သမ္မတ ဒေါ်နယ်ထရမ့်က စစ်ရေးနည်း လမ်းကို ရွေးချယ်လာနိုင်တယ်လို့ သိရပါတယ်။
ကိုးကား – NHK
Ref; US fighter jet shoots down Iranian drone over Arabian Sea