ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ ရက်
အစိုးရသစ်ဖွဲ့စည်းရန် ပြင်ဆင်နေသည့် စစ်ခေါင်းဆောင်က စစ်ရေးရှုံးနိမ့်မှုနှင့် အဂတိမှုများဖြင့် စွပ်စွဲ ခံထားရသည့် တိုင်းမှူး၊ တပ်မမှူးနှင့် ဗျူဟာမှူး စုစုပေါင်း ခြောက် ဦးကို ကြိုးမိန့် (သေဒဏ်) နှင့် နှစ်ရှည်ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။
စစ်ခေါင်းဆောင်သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)တိုင်းမှူး ဗိုလ်ချုပ်နိုင်ဇော်ဦးအပါအဝင် တပ်မမှူး၊ နည်းဗျူဟာမှူးစသည့် အဆင့်မြင့်အရာရှိကြီးများ ပါဝင်နေပြီး ကြိုးမိန့် (သေဒဏ်)နှင့် ထောင်ဒဏ်နှစ် ၂၀ မှ ၁၀ နှစ်အထိ အသီး သီး ချမှတ်လိုက်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လှုပ်ရှားစစ်ဗျူဟာမှူး (စတသ-၄၁) ကို ကြိုးမိန့်၊ ရပခတိုင်းမှူး (တေဇ -၂၅) ကို ထောင်ဒဏ် နှစ် ၂၀ ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၅ တပ်မမှူး (စတသ-၄၃)ကို ထောင်ဒဏ် ၁၀ နှစ်၊ ခန္တီး စစ်ဗျူဟာအခြေချ(စဗခ)မှူး (စသတ-၄၂) ကို ထောင်ဒဏ် ၅ နှစ်၊ တပ်မ ၃၃ နည်းဗျူဟာမှူး (စသတ-၄၅) ကို ထောင်ဒဏ် ၁၄ နှစ်၊ မပခ အေကာနယ် (တေဇ ၂၅) ကို ထောင်ဒဏ်နှစ် ၂၀ အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။
“ရပခတိုင်းမှူး ဗိုလ်ချုပ်နိုင်ဇော်ဦးကတော့ အဂတိမှုနဲ့ပဲ။ ကျန်တဲ့ကောင်တွေကတော့ စစ်ဆင်ရေးမှုတွေနဲ့ စခန်းစွန့်ခွာတဲ့ အမှုတွေ။ နောက်တက်လာမယ့် တပ်ချုပ်အသစ်ကို လွှဲပြောင်းခါနီးမှာ အမှုလက်ကျန်တွေ ဖြတ်တဲ့သဘောလို့ မြင်ပါတယ် “ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင်သည် ရပခတိုင်းမှူးကို လာဘ်စားမှုနှင့်ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ကျန် အရာရှိများ၏ အမှုများမှာ စစ်ရေးရှုံးနိမ့်ခြင်းနှင့် စခန်းစွန့်ခွာထွက်ပြေးမှုများကြောင့် ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ခေါင်းဆောင်သည် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲပြီးနောက် အစိုးရသစ်တစ်ရပ်ကို စိတ်တိုင်း ကျဖန်တီးမည်ဖြစ်သည့်အတွက် အာဏာသိမ်းလက်ထက် ဖြစ်ပေါ်ခဲ့သည့် အမှုအခင်းများမှ စစ်ဘက်ဆိုင်ရာအရာရှိများကို ပြစ်ဒဏ်ချမှတ်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။
ထို့ပြင် လုပီ နခတ ၁၀၀၂ နယ်ခြားစောင့်တပ်တိုက်ခိုက်ခံရချိန်တွင် ထွက်ပြေးခဲ့သည့် တပ်ရေး ဗိုလ်မှူးကြီးနှင့် အဖွဲ့ကိုလည်း တရုတ်ပြည်မှ မြစ်ကြီးနားအထိ အဆင့်ဆင့်ခေါ်ယူပြီး တပ်မတော် တန်းမြင့်သင်တန်းကျောင်းတွင် စစ်ဆေးမှုများပြုလုပ်ကာ မြစ်ကြီးနားထောင်ကိုပို့၍ နှစ်ရှည်ထောင်ဒဏ် များ ချမှတ်ခဲ့သည်။
ဓာတ်ပုံ-စစ်ကော်မရှင်