ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ ရက်
မကွေးတိုင်း၊ စေတုတ္တရာမြို့အနီးကို ဗဟိုပြု၍ အင်အားအသင့်အတင့်ရှိသော ပြင်းထန်ငလျင်နှစ်ကြိမ် ဆက်တိုက်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ထုတ်ပြန် သည်။
ယမန်နေ့ ဖေဖော်ဝါရီ ၃ ရက် ည ၁၀ နာရီ ၄ မိနစ်ခန့်က စေတုတ္တရာမြို့၏ အနောက်-အနောက်မြောက်ဘက် ၂၀ မိုင်ခန့်အကွာ၊ အနက် ၅၈ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ခ်တာစကေး ၆ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားခြင်းဖြစ်သည်။

အဆိုပါ ငလျင်လှုပ်ခတ်ပြီးနောက် ညတွင်းချင်းမှာပင် စေတုတ္တရာမြို့၏ အနောက်-အနောက် မြောက်ဘက် ၂၆ မိုင်အကွာကို ဗဟိုပြု၍ အင်အား ၅ဒသမ၂ အဆင့်ရှိ နောက်ဆက်တွဲငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့သည်။
ငလျင်လှုပ်ခတ်မှုအရှိန်ကြောင့် စေတုတ္တရာ၊ မင်းဘူး၊ မကွေးမြို့များနှင့် ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့အချို့တွင်ပါ ပြင်းထန်သော တုန်ခါမှုများကို ခံစားခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိအချိန်အထိ ငလျင်ကြောင့် လူနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှု မရှိကြောင်း ဒေသခံများက ဆိုထားသော်လည်း ညပိုင်းလှုပ်ခတ်ခြင်းဖြစ်၍ နောက်ဆက်တွဲငလျင်များကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-မိုး/ဇလ