ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ ရက်

အနောက်နိုင်ငံတွေဟာ တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖြတ်တောက်ဖို့ ကြိုးပမ်းနေ တယ်လို့ ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂျီရှိုင်ဂူက ပြောပါတယ်။

တရုတ်နိုင်ငံမှ ဥရောပတိုက်သို့ အတိုတောင်းဆုံး လမ်းကြောင်းဟာ မြန်မာနိုင်ငံမှ ဖြတ်သန်းသွား တယ်လို့ ရုရှား နိုင်ငံပိုင်သတင်းဌာန TASS နဲ့ အင်တာဗျူးမှာ ၎င်းက ဆိုပါတယ်။

“အနောက်နိုင်ငံတွေက နိုင်ငံရေးသမားတွေဟာ တရုတ်ကို ထိန်းချုပ်ဖို့၊ တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကို ဖြတ်တောက်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ ကြွယ်ဝတဲ့ အရင်းအမြစ်တွေကို တရုတ်က အသုံးမချနိုင် ရေး မဟာဗျူဟာအဖြစ် မြန်မာနိုင်ငံကို ရှုမြင်ကြတယ်ဆိုတာ နားလည်သင့်ပါတယ်” လို့ သူက ဆက်ပြော ပါတယ်။

အမေရိကန်နိုင်ငံက မြန်မာကို ထိန်းချုပ်ပါက အမေရိကန်ရေတပ်ဟာ ထိုင်ဝမ် သို့မဟုတ် တောင် တရုတ်ပင်လယ်ဝန်းကျင်မှာ ပဋိပက္ခဖြစ်လာပါက မလက္ကာရေလက်ကြားမှ ရှောင်သွားနိုင်တဲ့ တရုတ်မှ ဉ ရောပတိုက်သို့ လမ်းကြောင်းတစ်ခုကို ပိတ်ပင်နိုင်တယ်လို့ ၎င်းက ထောက်ပြပါတယ်။

ထိုအချက်ကြောင့် အနောက်နိုင်ငံတွေဟာ မြန်မာခေါင်းဆောင်ပိုင်းကို ပြောင်းလဲဖို့ ရည်ရွယ်ကာ စစ်ဘက်နည်းပြတွေ စေလွှတ်နေတာလို့ ဆာဂျီရှိုင်ဂူက ပြောပါတယ်။

“သာမန်ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေတယ်ဆိုတဲ့ ကျယ်ကျယ်လောင်လောင် ကြွေးကြော်သံတွေရဲ့နောက်ကွယ်မှာ အနောက်နိုင်ငံသားတွေရဲ့ အောက်တန်းကျတဲ့ အကြံအစည်တွေ ရှိ နေပါတယ်။ အဲဒါကတော့ မြန်မာခေါင်းဆောင်ပိုင်းမှာ သူတို့ကို သစ္စာခံမယ့် ဒီမိုကရေစီ ခေါင်းဆောင်ဆို သူတွေနဲ့ အစားထိုးဖို့ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

အနောက်နိုင်ငံတွေဟာ အစိုးရဆန့်ကျင်ရေးအဖွဲ့တွေကို ငွေကြေးနဲ့ပစ္စည်းကိရိယာတွေ ထောက် ပံ့ကာ စစ်ဘက်နည်းပြတွေ စေလွှတ်ပြီး မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်စေပြီး ရွေးကောက်ပွဲမှာ စွက်ဖက်ဖို့ နယ်စပ်ဒေသတွေမှာ ထောက်ပံ့ပို့ဆောင်ရေး အချက်အချာနေရာတွေ ထူထောင်တာလို့ ၎င်းက ပြောပါ တယ်။

မြန်မာစစ်အုပ်စုရဲ့ မကြာသေးမီက ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိတယ်လို့ ဆာဂျီရှိုင်ဂူက ချီးကျူးခဲ့ပြီး အာဏာပိုင်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာမူဘောင် ကတိကဝတ် တွေကို ပြသခဲ့တယ်လို့ သူက ပြောပါတယ်။

မြန်မာရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၅၇ ခု ပါဝင်ခဲ့ပြီး ရုရှား၊ ဘီလာရုစ်၊ ကာဇတ်စတန်၊ တရုတ်၊ အိန္ဒိယ၊ နီကရာဂွာနဲ့ အာဆီယံသုံးနိုင်ငံဖြစ်တဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့က စောင့်ကြည့် လေ့လာသူတွေ စေလွှတ်ခဲ့တယ်လို့ ဆာဂျီရှိုင်ဂူက ဆိုပါတယ်။

အနောက်အုပ်စုဟာ မြန်မာနိုင်ငံအပေါ် အသရေဖျက်တဲ့ ကမ်ပိန်းတွေ လုပ်နေတယ်လို့ ရှိုင်ဂူက စွပ်စွဲခဲ့ပြီး ရွေးကောက်ပွဲကို အစကတည်းက ‘မတရားဘူး၊ အားလုံးမပါဝင်နိုင်ဘူး’ ဆိုပြီး နိုင်ငံတကာအ လယ်မှာ အယုံအကြည်မဲ့ဖို့ ကြိုးစားနေကြတာလို့ ဆိုပါတယ်။

အနောက်နိုင်ငံတွေဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို နှောင့်ယှက်ဖို့ ကြိုးစားနေတဲ့ အကြမ်း ဖက်အဖွဲ့တွေရဲ့ ဖောက်ခွဲဖျက်ဆီးမှုတွေကို ရှုတ်ချဖို့ စိုးစဉ်းမျှပင် မစဉ်းစားခဲ့ကြဘူးလို့ သူက ပြောပါတယ်။

ပြင်ပကနေ နှောင့်ယှက်ဖျက်ဆီးပြီး မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်မှုတွေကို ခုခံကာကွယ်ရာ မှာ ရုရှားအနေနဲ့ မြန်မာနိုင်ငံဘက်ကနေ ရပ်တည်ကူညီသွားမယ်လို့ ရှိုင်ဂူက ကတိပြုခဲ့ပြီး အနောက်အုပ်စု ဟာ အာဆီယံရဲ့ တည်ရှိပြီးသား ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ လုံခြုံရေးမူဘောင်တွေကို ပျက်စီးအောင် ဆက်လက်ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ကိုးကား – Anadolu
Ref; Russia accuses West of attempts to cut off China’s access to Indian ocean