နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ ရက်

 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က နိုင်ငံတော်အာဏာကို အဓမ္မ သိမ်းယူခဲ့သည်မှာ ၅ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သော်လည်း နိုင်ငံတစ်ဝှမ်းရှိ ဒေသနှစ်ခုအပါအဝင် မြို့နယ် ပေါင်း ၆၀ ကျော်နှင့် အခြေ စိုက်စခန်းပေါင်း ၁၅၀ ထက်မနည်းကို တော်လှန်ရေးတပ်ဖွဲ့များထံ လက်လွှတ်ဆုံးရှုံးထားရဆဲ ဖြစ်ကြောင်း သိရသည်။

 

အာဏာသိမ်း စစ်ကော်မရှင်သည် လက်ရှိအချိန်ထိ နိုင်ငံတစ်ဝန်း ခုခံတော်လှန်မှုများကြောင့် စစ်ရေး အရ အကြီးမားဆုံး အကျပ်အတည်းများနှင့် စစ်ရေးအထိနာ ဆုံးရှုံးမှုများကို ဆက်တိုက်ရင်ဆိုင် နေရပြီး ပြန်လည် နလန်ထူနိုင်အောင် နည်းမျိုးစုံ ကြိုးစားနေရကြောင်း တပ်မတော်သား CDM အရာရှိများက ဆိုသည်။

 

“စစ်တပ်က ဒေသအများအပြားကို လက်လွှတ်ခဲ့ရတယ်။ ရခိုင်မှာဆိုရင် ဒေသတစ်ခုလုံးနီးပါးကို သူတို့ လက်လွှတ်ခဲ့ရတယ်။ ချင်းပြည်နယ်မှာဆိုလည်း ဒီအတိုင်းပဲ။ ၅ နှစ်တာကို ပြန်ကြည့်ရင်တော့ သူတို့ရဲ့ ကြီးမားတဲ့ စစ်ရေးအထိနာ ဆုံးရှုံးမှုများပြားခဲ့တယ်” ဟု CDM ဗိုလ်မှူးနောင်ရိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင်သည် မဲမသမာမှု အကြောင်းပြ၍ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာ သိမ်းယူခဲ့သော်လည်း ခုခံတော်လှန်မှုများကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်၊ ချင်း၊ ကချင်၊ ကရင်နီ၊ ကရင်၊ ပဲခူး၊ တနင်္သာရီတို့အပြင် နှင့် မြန်မာပြည်အလယ်ပိုင်း ဒေသများတွင်လည်း စစ်ရေးအရ အထိနာလျက်ရှိသည်။

 

လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် နယ်မြေထက်ဝက်ကျော်ကို တော်လှန်ရေး တပ်များက အပြည့်အဝ ထိန်းချုပ်ထားပြီး နိုင်ငံတစ်ဝန်းတွင်လည်း ခုခံတော်လှန်မှုများကို ဆက်တိုက် ရင်ဆိုင်နေရသည်။

 

ထို့ကြောင့် စစ်ခေါင်းဆောင်သည် စစ်မှုထမ်းဥပဒေဖြင့် စစ်ရေးဗျူဟာများ ပြောင်းလဲ၍ လူငယ်များကို ဖမ်းဆီးအင်အား စုဆောင်းကာ နယ်မြေများ ပြန်လည်ရရှိရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့သော်လည်း စစ်ရေး၊ စီးပွားရေးအရ အဓိကအရေးပါသော လမ်းကြောင်းများနှင့် အခြေစိုက်တပ်စခန်း ၁၅၀ ထက် မနည်းကို ဆုံးရှုံးလက်လွှတ်ထားရဆဲဖြစ်သည်။

 

“သူတို့(စစ်ကော်မရှင်)ဘက်က ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်လာလို့ ဆုံးရှုံးနယ်မြေတချို့ ပြန်ရတယ် ဆိုတာ သူတို့ရဲ့တိုက်စွမ်းအား တိုးတက်လာတာ မဟုတ်ဘူး။ တော်လှန်ရေးဘက်က တိုက်စွမ်းအား ကျသွားလို့ဖြစ်ပြီး တိုက်စွမ်းအား ပြန်မြှင့်မယ်ဆိုရင် သူတို့ရဲ့ လူသစ်တပ်သားတွေက လက်နက်ချတာ တွေ၊ ထွက်ပြေးတာတွေ ဖြစ်မှာပဲ။ ကျွန်တော်တို့ဘက်က တိုက်ပွဲမဖော်နိုင်လို့သာ စစ်တပ်က အလေး သာတဲ့ အနေအထားမျိုး ဖြစ်‌နေတာလို့ ပြောရမှာပဲ” ဟု CDM ‌ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ် ကို ပြောသည်။

 

စစစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်နိုင်သော ‌နယ်မြေဒေသများတွင်လည်း ၎င်းတို့၏ စစ်ကြောင်းများ ချေကုတ်ယူ ထားချိန်သာ စိုးမိုးနိုင်ပြီး ပြန်ထွက်သွားချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များ ရောက်လာ သည်ကို တွေ့ရကြောင်း တပ်မတော်သား CDM အရာရှိများက ဆိုသည်။

 

လက်ရှိတွင် စစ်ကော်မရှင်သည် နိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပေါင်း ၆၃ မြို့နယ်ဖြစ်သော ကချင် ၅ မြို့နယ်၊ ကရင်နီ ၃ မြို့နယ်၊ ကရင် ၂ မြို့နယ်၊ ချင်း ၇ မြို့နယ်၊ စစ်ကိုင်း ၉ မြို့နယ်၊ မကွေး ၅ မြို့နယ်၊ မန္တလေး ၃ မြို့နယ်၊ ရခိုင် ၁၄ မြို့နယ်နှင့် ရှမ်း ၁၅ မြို့နယ်တို့ကို အရေးပေါ်အခြေအနေ ထပ်တိုးသတ်မှတ်ထားရပြီး ၎င်းတို့ ထိန်းချုပ်ထားနိုင်သည့် မြို့ပေါ်ဒေသအချို့၌သာ တစ်ဖက်သတ် ရွေးကောက်ပွဲကို ဟန်ပြ ပြုလုပ်နိုင်ခဲ့သည်။

 

“စစ်ရေးအရသိသာတဲ့ အရွှေ့တွေ၊ စစ်အင်အား စုဆောင်းမှုတွေ၊ စစ်ဆင်ရေး ဖော်ဆောင်မှု နည်းဗျူဟာ အပြောင်း အလဲတွေ လုပ်လာတာ မြင်ရပေမယ့် တစ်ဖက်မှာတော့ ကြီးမားတဲ့ စစ်ရေးဆုံးရှုံးမှုတွေကို အရှိန်ဟုန်နဲ့ ပြန်လည်သိမ်းပိုက် ရရှိခဲ့တာမျိုး မရှိသေးဘူး” ဟု CDM ဗိုလ်မှူးနောင်ရိုးက ပြောသည်။

 

မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိပြီး အာဏာသိမ်း စစ်ကော်မရှင်၏ စိုးမိုးထိန်းချုပ်နိုင်မှုသည် ၎င်းတို့ရုံးစိုက်ရာ နေပြည်တော်၊ ဧရာဝတီ၊ ရန်ကုန်နှင့် ဒေသတချို့၌သာ ရှိနေပြီး လက်ရှိတိုင် ခုခံတော်လှန်မှုများကြောင့် စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းများ ရင်ဆိုင်နေရသည်။

ဓာတ်ပုံ-MOI