ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ ရက်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားဒေသတွင် စစ်ကော်မရှင်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်က စခန်းများကို နေ့စဉ်လက်လွှတ်နေရကြောင်း သိရသည်။
မိုင်းနားဒေသရှိ စစ်ကော်မရှင်၏ ခြေကုတ်သုံးနေရာနှင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ၏အလောင်းများ၊ လက်နတ်နှင့် ဒရုန်းများကို ယနေ့ ဖေဖော်ဝါရီ ၃ရက်နေ့တွင် KIAက သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
တိုက်ပွဲ ခြောက်ကြိမ်ခန့်ဖြစ်ပွားကာ ခြေကုတ်နေရာများသိမ်းယူပြီးနောက် စစ်ကော်မရှင်က လေကြောင်းမှ လေးကြိမ်တိုက်ခိုက်သည့်အပြင် မြစ်ကြီးနားဘက်မှ လက်နက်ကြီးပစ်ကူများပေးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
”ဝိုင်းမော် ခလရ ၅၈ကနေပါ လက်နက်ကြီးတွေနဲ့ပစ်ကူနေရတယ်” ဟုကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ယမန်နေ့ ဖေဖော်ဝါရီ ၂ရက်နေ့ကလည်း အဆိုပါ မိုင်းနားဒေသရှိ စစ်စခန်းနှစ်ခုကို KIAက သိမ်းယူနိုင်ခဲ့သည်။
KIAက စစ်ကော်မရှင်နှင့် ဗန်းမော်၊ ဝိုင်းမော်၊ဖားကန့်၊ ကသာ၊ ဗန်းမောက်တို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး ကချင်ပြည်နယ်တွင်း တိုက်ပွဲများတွင် စစ်ကော်မရှင်မှာ တပ်စခန်းများကိုလက်လွှတ်နေရသည်။
ဝိုင်းမော်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများကြောင့် ဝိုင်းမော်-ကန်ပိုက်တည်လမ်းမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ရက်နေ့မှစကာ ပိတ်သွားပြီဖြစ်ကြောင်း သိရသည်။