ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဖေဖော်ဝါရီ ၃ ရက်

 

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် (၁) ရှိ ကျေးရွာတစ်ရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ကျောင်းထိုင်ဆရာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်တချို့ ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့၊ မွန်းလွဲ နှစ်နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး အပါအဝင် ရော့ကက်များနှင့် လက်နက်ငယ်များကိုပါ အသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ရွာမှာ ဘာမှတိုက်ပွဲမှ မရှိသလို စစ်ရေးလှုပ်ရှားတာတွေလည်း မရှိဘဲ စစ်ကော်မရှင်တပ်က တိုက်ပွဲမှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်သလို သုံးကြိမ်တိုင်တိုင် ဗုံးကြဲ တိုက်ခိုက်သွားတယ်”ဟု မင်းတပ်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် ကျေးရွာကျောင်းထိုင်ဆရာတော်တစ်ပါး ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် အချို့ထိခိုက်မှုရှိကာ အိမ်မွေးတိရစ္ဆာန်အချို့ သေဆုံးခဲ့သည်။

 

“ဆရာတော်က ခြေထောက်မှာ ဒဏ်ရာရတယ်။ စိုးရိမ်စရာတော့ မရှိဘူး။ နေအိမ်တွေ၊ လမ်းတွေ ပျက်စီးတယ်။ ရွာမှာ မပေါက်ကွဲတဲ့ ဗုံးသီးတွေလည်း ကျန်ခဲ့တာရှိတယ်။ အခုရွာသားတချို့ ရွာထဲ မနေရဲဘဲ တောတောင်မှာ နေရာ ပြောင်းရွှေ့နေကြတယ်”ဟု မင်းတပ်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ကျေးရွာအတွင်း ဗုံးသီးအချို့နှင့် လက်နက်ငယ်ကျည်များ မပေါက်ကွဲသေးဘဲ ကျန်ရှိနေသဖြင့် ဒေသခံများမှာ အန္တရာယ်ဖြစ်မည်ကို စိုးရိမ်နေကြကြောင်းသိရသည်။

 

လေကြောင်း တိုက်ခိုက်မှု မပြုလုပ်မီ စစ်ကော်မရှင်က မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်မှစ၍ ညနေ လေးနာရီအထိ ATR-42 ကင်းထောက်လေယာဉ်ဖြင့် ကင်းထောက်ခဲ့ကြောင်း သိရသည်။