ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ ရက်
ဗန်းမော်တိုက်ပွဲတွင် စစ်ကော်မရှင်ဘက်မှ နေ့စဉ်နီးပါး သေဆုံး၊ပျောက်ဆုံးများနေပြီး စစ်ဘက်ရေးရာလုံခြုံရေးအရာရှိပါသေဆုံးမှုရှိကြောင်း သိရသည်။
တပ်ရင်းမှူးအနီးကပ်လျက်နေ၍ အမိန့်ပေးရသည့် အဖွဲ့ပါသေဆုံးသည်အထိ ဗန်းမော်ထိုးစစ်ကို KIAက ပြင်းပြင်းထန်ထန်ပြုလုပ်နေကြောင်း သိရသည်။
”ကက်ပတိန်လုပ်သူဟာ မုံရွာဇာတိဖြစ်ပြီး အိုင်အို (စစ်ဘက်ရေးရာလုံခြုံရေး အရာရှိ) ဖြစ်ပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောထားသည်။
မြို့သစ်အခြေစိုက် ခမရ ၃၂၀ မှ ဗိုလ်ကြီးအပါအဝင် တပ်ဖွဲ့ဝင် ခြောက်ဦးဗန်းမော်စစ်မျက်နှာတွင် ယခုရက်ပိုင်းအတွင်း သေဆုံးသွားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ဒုတိယပတ်မှစတင်ကာ KIAက စစ်ရေးအရှိန်မြှင့်တင်လိုက်ပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ သေဆုံးမှုများလာကာ လက်နက်ချ အညံ့ခံမှုများလည်း ရှိလာသည်။
ထို့အပြင် စစ်ကော်မရှင်၏ တင့်ကားတစ်စီးကိုပါဖျက်ဆီးထားနိုင်ပြီး ပင်မဌာနဖြစ်သည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂၁ ကိုတိုက်ပွဲဦးတည်လာကြောင်း သိရသည်။
ဗန်းမော်တိုက်ပွဲတွင် စစ်တပ်အရေးနိမ့်နေမှုကို တာဝန်ယူရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ရာဇာထွန်းကို နေပြည်တော်ခေါ်ယူ၍ စစ်ခုံရုံးတင်စစ်ဆေးနေသည်။