ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ ရက်

 

ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံးဂီတဆု‌ပေးပွဲတစ်ခုဖြစ်သည့် ၆၈ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲတွင် ကမ္ဘာကျော်အနုပညာရှင်များက အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့်အကောက်ခွန်ဌာန(ICE) ၏ လုပ်ရပ်များကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

 

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလီမြို့တွင် ကျင်းပခဲ့သည့် ဂရမ်မီဆုပေးပွဲတွင် ဂရမ်မီဆုရသည့်အနုပညာရှင်များဖြစ်သည့် Billie Eillish၊ Kehlani၊ Olivia Dean၊ Bad Bunny တို့မှ ICEအဖွဲ့၏ လုပ်ရပ်များနှင့် ပတ်သတ်ပြီး ကိုယ့်ကျင့်တရားဆိုင်ရာကျင့်ဝတ်များအရ ရှုံ့ချသင့်ကြောင်း ပြောဆိုခဲ့ကြခြင်းဖြစ်သည်။

 

“ခိုးယူထားတဲ့မြေပေါ်မှာ ဘယ်သူမှတရားမဝင်ဘူး။အခုချိန်က ဘာပြောရမလဲ ဘာလုပ်ရမလဲဆိုတာ သိဖို့ ခက်ခဲတယ်။ ကျွန်မတို့အသံတွေက အမှန်တကယ်ကို အရေးပါတယ်၊ ပြီးတော့ ပြည်သူတွေကလည်း အရေးပါတယ်။ ကျွန်မပြောချင်တာကတော့ ‘Fuck ICE’ ပါပဲ” ဟု Wildflower သီချင်းဖြင့် တစ်နှစ်တာအကောင်းဆုံးဆုကို ရရှိခဲ့သည့် အဆိုတော် Billie Eillish ကပြောဆိုခဲ့သည်။

အလားတူ အကောင်းဆုံးသီချင်းအယ်ဘမ်(Album) ဆိုကို ရရှိခဲ့သည့်အနုပညာရှင်Bad Bunny ကလည်း ” ICE ကိုဖယ်လိုက်ပါ။ ကျွန်တော်တို့က အရိုင်းအစိုင်းမဟုတ်ဘူး။ တိရစ္ဆာန်မဟုတ်ဘူး။ ဂြိုလ်သားမဟုတ်ဘူး။ ကျွန်တော်တို့ကလူသားတွေ တဖြစ်လည်း အမေရိကန်တွေပါပဲ” ဟု ဆုလက်ခံရယူစဉ် ပြောကြားခဲ့သည်။

 

ICE အဖွဲ့ဝင်‌အေးဂျင့်များမှာ ထရမ့်အစိုးရ၏ တရားမဝင်ရွှေ့ပြောင်းလာသူများကို တိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် လက်ရှိတွင် အမေရိကန်နိုင်ငံတဝန်း အကြမ်းဖက်ဖမ်းဆီးခြင်းများပြုလုပ်နေပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်တို့ကို အခင်းဖြစ်ပွားရာနေရာတွင်ပင် ပစ်သတ်ခြင်းများအထိ ပြုလုပ်ခဲ့ကြသည့်အတွက် ဝေဖန်မှုများ မြင့်တက်လာခြင်း ဖြစ်သည်။

 

“ကျွန်မက ရွှေ့ပြောင်းအခြေချလာသူတစ်‌ဦးရဲ့ မြေးအနေနဲ့ဒီမှာ ရှိနေတာပါ။ ကျွန်မဟာလည်း သူတို့ရဲ့သတ္တိရှိမှုကနေတဆင့် ဖြစ်လာတဲ့အကျိုးအမြတ် တစ်ခုဖြစ်ပြီး အဲ့ဒီသူတွေ(ရွှေ့ပြောင်းအခြေချသူ)ဟာလည်း ဂုဏ်ပြုပေးဖို့ထိုက်တန်ပါတယ်” ဟု အကောင်းဆုံးမျက်နှာသစ်အနုပညာရှင်ဆု ရရှိခဲ့သည့် Olivia Dean ကပြောဆိုခဲ့သည်။

ဂရမ်မီဆုပေးပွဲကြီးတွင် အနုပညာရှင်များစွာက ထရမ့်အစိုးရနှင့် ICE ကိုဝေဖန်ခဲ့ကြပြီး သမ္မတထရမ့်က ၎င်းကို သရော်ခဲ့သည့် တောင်အာဖရိက အစီစဉ်တက်ဆက်သူ Trevor Noah ကို တရားစွဲမည်ဖြစ်ကြောင်းလည်း ခြိမ်းခြောက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

 

Trevor Noahက “ဂရမ်မီဆုက အနုပညာရှင်တိုင်းလိုချင်တဲ့ဆုပဲ။ ထရမ့်က ဂရင်းလန်းကျွန်းကိုလိုချင်နေသလိုပေါ့။ ဘာကြောင့်လဲဆိုတော့ အပ်စတိန်း(Epstein)ရဲ့ကျွန်းက မရှိတော့ဘူးလေ။ သူက ဘီလ်ကလင်တန်နဲ့ အပြင်ထွက်လည်ကြဖို့ ကျွန်းအသစ်လိုနေတာဆိုတော့ ဒါကအဓိပ္ပာယ်ရှိတယ်လေ” ဟု သရော်ခဲ့ခြင်းဖြစ်သည်။

 

၆၈ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကြီးတွင် ဂီတနှင့်ပတ်သတ်သည့် အနုပညာရှင်အများအပြားက ICE ဆန့်ကျင်ရေး ရင်ထိုးများလည်း ဝတ်ဆင်ခဲ့ပြီး ရက်ပ်ပါ Kendrick Lamarက အများဆုံးအနေဖြင့် ဆု ငါး ဆုရရှိကာ ပေါ့အဆိုတော် Lady Gagaမှလည်း ဆုနှစ်ခုရရှိခဲ့ကြောင်းလည်း သိရသည်။