ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ ရက်

 

မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသည့် ဇန်နဝါရီ ၂၇ ရက်နောက်ပိုင်း လူမြင်ကွင်းမှ ပျောက်ကွယ်နေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လာမည့်မတ်လတွင် လွှတ်တော် ခေါ်ယူနိုင်ရေးအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို အနီးကပ် စိစစ်ရွေးချယ် နေကြောင်း စစ်တပ်အသိုင်းအဝိုင်းမှ သိရသည်။

 

စစ်ခေါင်းဆောင်သည် ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက မန္တလေးနန်းတွင်းသို့ ရောက်ရှိနေသည့်ဟု သတင်း ထွက်ပေါ်၍ ရှော့တိုက်ဒုံး ငါး လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်ပိုင်း ၎င်း၏ လှုပ်ရှားမှုသတင်းများ တိတ်ဆိတ်နေခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပျောက်ကွယ်နေမှုနှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ ကောလာ ဟလများ ထွက်ပေါ်နေသော်လည်း လက်ရှိတွင် လာမည့်မတ်လအတွင်း လွှတ်တော်ခေါ် ယူနိုင်ရန် အတွက် စစ်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရွေးချယ်ရေးလုပ်ငန်းများကို အနီးကပ် ကိုင်တွယ်နေခြင်းဖြစ် ကြောင်း တပ်တွင်းသတင်းရင်းမြစ်အချို့ထံက သိရသည်။

 

“မန္တလေးဖြစ်စဉ်နောက်ပိုင်းမှာ အခုလို သတင်းပျောက်သွားတာက တိုက်ဆိုင်မှုလို့ ပြောဖို့ခက်ပေမဲ့၊ တပ်ဘက်ကတော့ လွှတ်တော်ခေါ်ဖို့အတွက် တပ်ကိုယ်စားလှယ်တွေ စိစစ်နေတာလို့ အကြောင်းပြချက် ပေးထားတယ်။ ကျန်းမာရေးကြောင့်လား။ ဒါမှမဟုတ်တပ်အတွင်းအစီအစဉ်တွေကြောင့်လားဆိုတာ စောင့်ကြည့်ရမှာပါ” ဟု ဝါရင့်နိုင်ငံရေးလေ့လာသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်က ခိုလမ်တပ်နယ်၌ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် လာမည့်မတ်လတွင် လွှတ်တော်ခေါ်ယူကာ အစိုးရသစ်ထံ လုပ်ငန်းစဉ်များအတိုင်း လွှဲပြောင်းပေးသွားမည်ဟု ပြောကြားထားပြီး ဖြစ်သည်။

 

မန္တလေးနန်းတွင်း၌ တိုက်ခိုက်ခံရသည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ခေါင်းဆောင်ကို လူမြင်ကွင်း လှုပ်ရှားမှုများ တွေ့ရခြင်းမရှိတော့၍ မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် စိတ်ဝင်စားစရာ ဖြစ်နေပြီး စစ်ကော်မရှင်၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အစိုးရသစ် သည် လာမည့် ဧပြီလတွင် တာဝန်စတင်ထမ်းဆောင်ရမည်ဟု ပြောဆိုထားသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်