ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ ရက်
အာဏာသိမ်းစစ်ကော်မရှင်က ကရင်နီနှင့်ရှမ်းတောင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ လေး ဖွဲ့မှ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၄ ဦးမှာ စစ်ကော်မရှင်ထံ လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ၎င်းတို့ပိုင်ညဝါဒဖြန့်မီဒီယာများတွင် ဖော်ပြခဲ့သည်။
ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ Inle People Defense Force(IPDF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)၊ ရှမ်း(တောင်)PDF တပ်ဖွဲ့တို့မှ ငြိမ်းချမ်းရေးကိုယုံကြည်သည့် တပ်ဖွဲ့ဝင် ၂၄ ဦးတို့မှ လက်နက်ခဲယမ်းများယူဆောင်ကာ အလင်းဝင်လာခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကော်မရှင်က ထိုသို့ဝါဒဖြန့်ပြောဆိုနေသော်လည်း Inle People Defense Force(IPDF)က အဆိုပါသတင်းမှာမဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။
“လုံးဝမဟုတ်ပါဘူး။ ထင်ရာဆွဲဖမ်းပြီး ဒီလိုဝါဒဖြန့်လိုက်မယ်။ ဒါက သူတို့(စစ်ကော်မရှင်)ရဲ့ပုံမှန်ပြကွက်တွေပါ။ သူတို့ရွေးကောက်ပွဲပြီးတာနဲ့ အလင်းဝင်ဖို့ ကမ်းလှမ်းလာမယ်ဆိုတာ ကြိုတွက်ပြီးသားဆိုတော့ ဒီလိုမျိုးကြိုတင်ဝါဒဖြန့်မှာပဲ” ဟု IPDF တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလင်းဝင်လာသူများမှာ ရှမ်းပြည်တောင်ပိုင်းမြို့နယ်များနှင့် ကရင်နီမှ ဒေသခံများဖြစ်ပြီး အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၁၈ ဦးပါဝင်ကြောင်း စစ်ကော်မရှင်က ဝါဒဖြန့်ပြောဆိုခဲ့သည်။
ထို့ပြင် လက်ရှိတွင် စစ်ကော်မရှင်သည် တော်လှန်ရေးတပ်ဖွဲ့ဝင်အများအပြား အလင်းဝင်လာကြောင်း ဝါဒဖြန့်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။