‎ဧရာဝတီတိုင်းမ်
‎ဖေဖော်ဝါရီ ၃ ရက်

‎မြန်မာနိုင်ငံတွင်းဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများနှင့် ပိုမိုဆုတ်ယုတ်ဆိုးရွားလာသော အခြေအနေများကြောင့် အမျိုးသမီးများအပေါ်သက်ရောက်လာမှုအပေါ်အလေးပေးဖော်ပြထားသည့် ၂၀၂၅ ခုနှစ်ကို လည်ပြန်ကြည့်ခြင်း အစီရင်ခံစာကို အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) Women League Of Burmaကထုတ်ပြန်သည်။

‎ပိုမိုဆုတ်ယုတ်ဆိုးရွားလာသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းအခြေအနေများကြောင့် အမျိုးသမီးများအပေါ်သက်ရောက်မှုနှင့် လုံခြုံရေးအန္တရာယ်များ၊ဘဏ္ဍာရေးနှင့် မြေပြင်တွင်လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသောကန့်သတ်ချက်များကို အစီရင်ခံစာတွင် ဖော်ပြထားသည်။

‎မြေပြင်လုပ်ငန်းလုပ်ဆောင်ရာတွင် ကန့်သတ်ချက်များကြားက အဖွဲ့ဝင်နှင့် အဖွဲ့စည်းများက ဆက်လက်လှုပ်ရှားနေမှုများကိုပါ ဖော်ပြထားသည်။

‎၂၀၂၅ခုနှစ်အတွင်း လိင်နှင့်ဂျန်ဒါအခြေပြု အကြမ်းဖက်မှု ၂၀၉ မှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး တိုင်းဒေသကြီး အသီးသီးမှ ပြည်သူ ငါးသောင်းကျော်ကို အကူအညီများပေးခဲ့ကြောင်း သိရသည်။

‎ပြည်တွင်းနေရပ်စွန့်ခွါရသူ ၅၄၃၁၁ဦး၊ CDM အမျိုးသမီး ၁၀၈ဦး၊ အမျိုးသမီးလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ၃၁၀ဦး၊ ပဋိပက္ခနှင့်ဆက်နွယ်သောလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု မှရှင်သန်လွတ်မြောက်သူ ၁၂၁၂ ဦးတို့ကို ထောက်ပံ့မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

‎ထို့အပြင် ငလျင်ဘေးကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၀၂၀၂ ဦးကိုအရေးပေါ်အကူအညီများပေးခဲ့သည်ဟု ဆိုသည်။

‎ထိုအစီရင်ခံစာတွင် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်တစ်ဦးက နိုင်ငံတကာ၏ ခိုင်မာပြတ်သားသော လုပ်ဆောင်မှုနှင့် ရေရှည်ပံ့ပိုးမှုမရှိပါက မြန်မာနိုင်ငံတွင် လက်ရှိကြုံနေရသည့် လူသားချင်းစာနာထောက်ထားမှုနှင့်လူ့အခွင်းအရေးအကြပ်အတည်းသည် ဆက်လက်ဆိုးရွားနိုင်သည်ဟု ဆိုသည်။