ဧရာဝတီတိုင်းမ်
(ကလေး)၊ ဖေဖော်ဝါရီ ၂ ရက်

စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်တွင် ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်အာဏာသိမ်း ငါးနှစ်ပြည့် ဆန္ဒပြတောင်းဆိုခဲ့သည့် နိုင်ငံရေး အကျဉ်းသူများကို စစ်ကော်မရှင်က တိုက်ပိတ်ထားကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်း ငါး နှစ်ပြည့်၌ ကလေးအကျဥ်းထောင်မှ နိုင်ငံရေးအကျဉ်းသူများအပါအဝင် အကျဥ်းသူ ၁၀၀ ကျော်မှာ သွေးသစ္စာ သီချင်းကို သံပြိုင်သီဆိုခဲ့ကြပြီး အချက်ငါးချက် တောင်းဆိုခဲ့သည့် နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးမှာ တိုက်ပိတ်ခံထားရကြောင်း သိရှိရခြင်း ဖြစ်သည်။

“ကျွန်တော်တို့စိုးရိမ်တာက ရိုက်နှက်နှိပ်စံခံရမှာကိုပါ။ ထောင်ထဲမှာ လှုပ်ရှားမှုလုပ်ရင် ကျားမမရွေး အပြင်းထန်ဆုံး ဖိနှိပ်လေ့ရှိလို့ စိတ်ပူရပါတယ်ဗျ။ကျွန်တော်တို့သိရတာတော့ အချိန်ငါးမိနှစ်ခန့် သွေးသစ္စာသီချင်းအပါအဝင် ကြွေးကြော်သံတချို့ တောင်းဆိုခဲ့ကြတယ်လို့ ကနဦးကြားသိထားရတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှတာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် တိုက်ပိတ်ခံရသည့်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကာ တိုက်ပိတ်ခံရပါပ ပါဆယ်ဖြတ်ခံရခြင်း၊ မိသားစုနှင့်ဧည့်တွေ့ခွင့် ပိတ်ခံရခြင်းတို့ကို ထောင်အာဏာပိုင်များက ပြုလုပ်လေ့ရှိသည့်အတွက် အခြေအနေကိုအတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်းလည်း PPNM ထံက သိရသည်။

မတရားဖမ်းဆီးထောင်ချခံထားရတဲ့ အမျိုးသမီးနိုင်ကျဉ်းများက အမှုကြီးကိုးမှုဖျက်သိမ်းရေး၊ အကျဉ်းသား အကျဉ်းသူ အတ်းတူအချိုးရရှိရေး၊ အာဏာရှင်အဖွဲ့စည်းမှန်သမျှကျဆုံးရေး၊ ဒီမိုကရေစီရရှိရေးနှင့် ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေးရေး အချက်တွေကို ကြွေးကြော်ခဲ့ကြကြောင်း ကလေးထောင်နှင့် နီးစပ်သူများထံက သိရသည်။

တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူများ နှင့် အခြားအကျဉ်းသူများ၏ လုံခြုံရေးအခြေအနေမှာ စိုးရိမ်နေရသည့်အတွက် ပြည်သူများ၊ လူအခွင့်အရေးအဖွဲ့အစည်းများ အနေဖြင့် အလေးထားစောင့်ကြည့်ပေးကြပါရန်လည်း PPNM ကတိုက်တွန်းပြောဆိုထားသည်။

ကလေးထောင်သည် အမည်ဆိုးဖြင့်ကျော်ကြားသောထောင်ဖြစ်ပြီး ၂၀၂၂ ခုနှစ်က ထောင်တွင်းဆူပူမှုလုပ်သည်ဟုဆိုကာ ပစ်ခတ်နှိမ်နှင်းခဲ့ရာ ၁၃ ဦးသေဆုံးခဲ့ပြီး လုံလောက်သည့် ဆေးဝါးကုသမှုမရသည့်အတွက် သေဆုံးသူ ခုနှစ်ဦးခန့်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်