‎ဧရာဝတီတိုင်းမ်
‎ဖေဖော်ဝါရီ ၂ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ဓညဝတီရေတပ်ဌာနချုပ်အနီးအထိ တိုက်ပွဲများ ပြင်းထန်လာနေပြီး စစ်ကော် မရှင်ဘက်မှ အထိနာကာ အင်အားပြုန်းတီးမှုများပြားနေသဖြင့် လွန်ခဲ့သည့် ၂ လအတွင်း စစ်ကူအင်အား ထောင်နှင့်ချီ၍ ထပ်မံဖြည့်တင်းနေရကြောင်း သိရသည်။

စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက် ညပိုင်းတွင် ကျောက်ဖြူ အမှတ် (၁) ဖောင်တော်ဆိပ်မှတစ် ဆင့် စစ်အင်အား ၄၀၀ ခန့်ကို ဓညဝတီရေတပ်ဌာနချုပ်နှင့် ခလရ -၃၄ အတွင်းသို့ ထပ်မံပို့ဆောင်ခဲ့သည်။ ၎င်းတို့အနက် ခလရ-၃၄ အတွင်းသို့ အင်အား ၁၅၀ ကျော်နှင့် ရေတပ်ဌာနချုပ်သို့ အင်အား ၂၀၀ ကျော် ခွဲဝေပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

စစ်ကော်မရှင်သည် ဒီဇင်ဘာလဆန်းပိုင်းမှစတင်၍ ရန်ကုန်အခြေစိုက်တပ်ရင်းများမှ ထုတ်နုတ်အင်အားများနှင့် စစ်မှုထမ်းတပ်သားသစ်များကို စုပေါင်းကာ တစ်သုတ်လျှင် အင်အား ၅၀၀ ခန့်ဖြင့် ကျောက်ဖြူသို့ ပို့ဆောင်နေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ကျောက်ဖြူသို့ ပို့ဆောင်ထားသည့် စစ်ကူအင်အားမှာ စုစုပေါင်း ထောင်နှင့်ချီ၍ ရှိနေပြီဖြစ်သည်။

‎”အင်အားတွေဖြန့်ခွဲပို့ပြီး တိုက်ပွဲရှိတဲ့နေရာတွေကို စစ်ကြောင်းထိုးခိုင်းမှာလေ။ သစ်ပုတ်တောင်ရေတပ်ကနေ စစ်ကြောင်းတစ်ခုကို အင်အား ၂၀၀လောက်နဲ့ စစ်ကြောင်းတွေထွက်တယ်။ ကြားဖြတ်တိုက်ခံရလို့ သေတာလည်း တအားပဲ” ဟု ကျောက်ဖြူသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကျောက်ဖြူဓညဝတီရေတပ်ဌာနချုပ်အနီး ဦးကင်းကျေးရွာတွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကော်မရှင်တို့ တိုက်ပွဲများရှိနေပြီး စစ်ကော်မရှင်က လက်လွှတ်ရသည့်နယ်မြေများကို ပြန်လည်ရယူရန် စစ်ကြောင်းထိုးနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှသိရသည်။

‎သိုင်းချောင်း၊ ကြတ္တိန်၊ ကုလာဘာ တို့တွင်လည်းတိုက်ပွဲများရှိနေကာ AA၏ ပြောက်ကျားစနစ်ဖြင့်တိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်များ အထိနာကာ အင်အားပြုန်းတီးမှုနှင့် ရင်ဆိုင်နေရသဖြင့် လက်လွှတ်ရသည့်နယ်မြေများကို ပြန်လည်ရယူရန် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကော်မရှင်တပ်၏ ပုံဟောင်းကို ပြန်လည်အသုံးပြုထားသည်။