‎ဧရာဝတီတိုင်းမ်
‎ဖေဖော်ဝါရီ ၂ ရက်

ရန်ကုန်မြို့တွင် LNG (သဘာဝဓာတ်ငွေ့ရည်) သုံး စက်ရုံမှ ဓာတ်အားဖြည့်တင်းနိုင်ပြီဖြစ်၍ အချိန်ပြည့် မီးပေးမည်ဟု လျှပ်စစ်ဝန်ကြီးက ကြွားဝါပြောဆိုပြီး ၂၄ နာရီပင် မပြည့်မီ အချိန်အတွင်း မီးများ ပြန်လည်ဖြတ်တောက်မည်ဟု စစ်ကော်မရှင်က ထုတ်ပြန်ခဲ့၍ ပြည်သူများကြားတွင် ဝေဖန် လှောင်ပြောင်စရာ ဖြစ်ခဲ့သည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကပြုလုပ်သည့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) အစည်းအဝေး၌ ၅၀၀ မဂ္ဂါဝပ်ထွက်သည့် LNG စက်ရုံသစ်ကြောင့် အလှည့်ကျစနစ်ကို ရပ်ဆိုင်းကာ အချိန်ပြည့် မီးပေးနေပြီဖြစ်ကြောင်း စစ်ကော်မရှင်၏ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် LNG ဓာတ်အားပေးစက်ရုံစီမံကိန်းကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှစ၍ ဓာတ်အားစနစ်အတွင်းသို့ စတင်ဖြည့်တင်းပေးခဲ့ခြင်း ဖြစ်သည်။

 

ထိုသို့ စစ်ကော်မရှင်ဝန်ကြီး၏ စကားမဆုံးမီ ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက်ပိုင်းမှစ၍ “ဝန်အားမမျှတမှု” ကို အကြောင်းပြကာ တစ်နေ့လျှင် ၄ နာရီနှုန်းဖြင့် အုပ်စုခွဲ၍ မီးပြန်ဖြတ်မည်ဟု လျှပ်စစ် ဌာနများက အကြောင်း ကြားလာခဲ့သည်။

 

“ရွေးကောက်ပွဲကာလတုန်းကတော့ မဲဆွယ်တဲ့အနေနဲ့ မီးပေးထားပြီး အခုကျတော့ ရွေးကောက်ပွဲမီး ပြတ်ပြီလားမသိဘူး။ ဒီမနက်တင် နေရာအနှံ့ ပြန်ပြတ်နေပြီ။ နေ့လယ်ကျတော့ သာကေတမှာ ပြတ်သွားတယ်” ဟု သာကေတမြို့နယ်နေ ပြည်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မီးပုံမှန်မပေးနိုင်သည့်အပြင် စစ်ကော်မရှင်သည် စက်မှုဇုန်များနှင့် စီးပွားရေးလုပ်ငန်းသုံး လျှပ်စစ် ခများကိုလည်း “စီးပွားရေးနှုန်းထား (Economic Rate)” အမည်တပ်ကာ တစ်ယူနစ်လျှင် ၉၀၀ ကျပ် အထိ တိုးမြှင့်ကောက်ခံသွားမည်ဟု ကြေညာထားသည်။

 

နိုင်ငံက စိုက်ထုတ်ကျခံနေရသဖြင့် ဈေးတိုးခြင်းဖြစ်ကြောင်း စစ်ကော်မရှင်ဝန်ကြီးက ဆိုသော်လည်း မီးပုံမှန်မရဘဲ ဈေးနှုန်းသာ တိုးလာခြင်းကြောင့် ကုန်ထုတ်လုပ်မှုစရိတ် မြင့်တက်ကာ ကုန်ဈေးနှုန်းများ ထပ်မံကြီးထွားလာမည်ကို လုပ်ငန်းရှင်များနှင့် ပြည်သူများက စိုးရိမ်လျက်ရှိသည်။

“နိုင်ငံတော်က ထုတ်လုပ်မှုစရိတ်ထက်နည်းတဲ့ နှုန်းထားတွေနဲ့ စိုက်ထုတ်ကျခံဖြန့်ဖြူးနေရတာပါ။ ဓာတ်အားစဉ်ဆက်မပြတ် ရရှိဖို့နဲ့ ကုန်ကျစရိတ် မျှတစေဖို့ စီးပွားရေးလုပ်ငန်းရှင်တွေကို နှုန်းထား အသစ်နဲ့ ကောက်ခံဖို့ရှိပါတယ်” ဟု ‎ဝန်ကြီး ဦးဉာဏ်ထွန်းက ဆိုသည်။

စစ်ကော်မရှင်က ပြုလုပ်သည့် အတုအယောင် ရွေးကောက်ပွဲမတိုင်ခင် ကာလတစ်လျှောက်က ရန်ကုန်မြို့အပါအဝင် မြို့ကြီးများတွင် ၂၄ နာရီလျှပ်စစ်မီးရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

‎၂၀၂၆ ခုနှစ်အတွင်း လျှပ်စစ်မီး အပြည့်အဝရမည်ဆိုသည့် စစ်ကော်မရှင်၏ ဝါဒဖြန့်မှုသည် တစ်ရက် အတွင်းမှာပင် ပျက်ပြယ်သွားခဲ့ပြီး အခြေခံပြည်သူများမှာ မီးပြတ်သည့်ဒဏ်နှင့် ကုန်ဈေးနှုန်းဒဏ်ကို ဆက်လက် ရင်ဆိုင်ရပြီ ဖြစ်သည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်