ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂ ရက်
ကချင်ပြည်နယ်အတွင်း စစ်ရေးရှုံးနိမ့်မှုများကြောင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) မှ ဒုတိယ တိုင်းမှူးကို နေပြည်တော်သို့ခေါ်ယူ၍ စစ်ခုံရုံးတင် စစ်ဆေးနေချိန်တွင် စခန်းစွန့်ခွာ ထွက်ပြေးခဲ့သည့် တပ်ရေးဗိုလ်မှူးကြီးနှင့်အဖွဲ့ကိုလည်း ထောင်ဒဏ်များချမှတ်ကာ မြစ်ကြီးနားထောင်သို့ ပို့ဆောင်လိုက် ကြောင်း သိရသည်။
ဗန်းမော်တွင် စစ်ရေးရှုံးနိမ့်မှုအခြေအနေများနှင့် ပတ်သက်၍ မပခ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်းကို နေပြည်တော်သို့ ခေါ်ယူကာ စစ်ခုံရုံးတင် စစ်ဆေးနေပြီး တစ်ချိန်တည်းမှာပင် ယခင်က စခန်းစွန့်ခွာခဲ့သည့် အရာရှိကြီးများကိုလည်း မြစ်ကြီးနားသို့ ပို့ဆောင်၍ ထောင်ချခဲ့ခြင်း ဖြစ်သည်။
မြစ်ကြီးနားထောင်သို့ ပို့ဆောင်ခံရသည့်အဖွဲ့တွင် တပ်ရေးဗိုလ်မှူးကြီးတစ်ဦးနှင့် နောက်လိုက်အဖွဲ့များ ပါဝင်ပြီး ၎င်းတို့သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းက အမှတ် (၁၀၀၂) နယ်ခြားစောင့် တပ်တိုက်ခံရစဉ် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့သူများဖြစ်ပြီး ထောင်ဒဏ် ၁၀ နှစ်မှ ၂၀ နှစ်အထိ အသီးသီး ချမှတ်နိုင်ကြောင်း သိရသည်။
” လုပီ လုပီနခတ ၁၀၀၂ နယ်ခြားစောင့်တပ်တိုက်ခံရလို့ စစ်ဗျူဟာမှူးပါသေတုန်းက တရုတ်ဘက် ထွက်ပြေး တဲ့အဖွဲ့တွေပေါ့။ ထောင်ဒဏ် ၁၀ နှစ်ကနေ နှစ် ၂၀ အထိချနိုင်တယ်။ မကြာမီ လာမယ့်လွတ်ငြိမ်းမှာပါလာအောင် အမိန့်ချလိုက်တာမျိုးဖြစ်ပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါအဖွဲ့ကို တရုတ်မှ မန္တလေး၊ မန္တလေးမှ မြစ်ကြီးနားကို ပြန်ခေါ်ကာ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း တတက-၇ တွင် စစ်ဆေးပြီးနောက် မြစ်ကြီးနားထောင်ကို ပို့လိုက်ခြင်းဖြစ်သည်။
စစ်ကော်မရှင်သည် မပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်းကိုလည်း ဗန်းမော်စစ်ရေးနှင့် ပတ်သက်ပြီး မကြာသေးမီက နေပြည်တော်ကို ခေါ်ယူ စစ်ဆေးခဲ့သည်။
လက်ရှိတွင် စစ်ကော်မရှင်သည် ဗန်းမော်စစ်ရေးအပြင် အင်းတော်ကြီးဒေသတွင်ပါ အရေးနိမ့်မှုများနှင့် ရင်ဆိုင်နေရပြီး တပ်စခန်းများ ဆက်တိုက်လက်လွှတ်နေရသဖြင့် အောက်ခြေမှ အထက်ပိုင်းအထိ ဖရိုဖရဲဖြစ်ကာ အပြန်အလှန် အပြစ်ရှာ စစ်ဆေးမှုမျာ ရှိနေသည်။
ဓာတ်ပုံ-လူမှုကွန်ရက်