ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂ ရက်

ယခု ၂၀၂၆ ခုနှစ်သည် မြန်မာနိုင်ငံအတွက် အရေးပါသော အချိုးအကွေ့ကာလ တစ်ရပ်ဖြစ်၍ သံတမန်ရေးရာ ကြိုးပမ်းဆောင်ရွက်မှုများသည် မြန်မာပြည်သူများ၏ လုံခြုံရေးအဖြစ် အမှန်တကယ် ဖြစ်လာစေနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အနေဖြင့် အာဆီယံနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ၎င်းတို့၏ သဘောထားကို ထုတ်ပြန်ခဲ့သည်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပခဲ့သော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအတွင်း ဆွေးနွေး ခဲ့ကြသည့် ဆွေးနွေးချက်များကို အခြေခံ၍ ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်က အချက်လေးချက်ပါ သဘောထား ထုတ်ပြန်ခဲ့သည်။

အာဆီယံ အနေဖြင့် (က) ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အခြေခံများကို အကောင်အထည်ဖော် ဆောင်ရွက် ခြင်း ၊ (ခ) နိုင်ငံရေးအရ တရားဝင်မှုနှင့် အများယုံကြည် လက်ခံနိုင်မှုရှိစေရန် ဆောင်ရွက်ခြင်း၊ (ဂ) မူဝါဒအခြေခံပြီး အားလုံးပါဝင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိစေရန် ဆောင်ရွက်ခြင်း၊ (ဃ) သုံးနိုင်ငံတွဲဖက်အဖွဲ့ (Troika) နှင့် အာဆီယံအထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်ကို ခိုင်မာအားကောင်းစေရန် ဆောင်ရွက်ခြင်းတို့ကို ဦးစား‌ပေးဆောင်ရွက်သင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(က) ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အခြေခံများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

မြေပြင်တွင် သိသာထင်ရှားသည့် တိုးတက်ဖြစ်ထွန်းမှုများ မရှိသေးသည့်အပေါ် အာဆီယံ ဥက္ကဋ္ဌ၏ စိုးရိမ်ချက်များကို NUG က သဘောတူသည်။ ယခုနှစ် အာဆီယံဥက္ကဋ္ဌ၏ “ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အခြေခံများ” အား အကောင်အထည်ဖော်နိုင်ရန် ဘုံ ငါး ရပ်ကို ထပ်လောင်းအတည်ပြုနေခြင်းမှ ကျော်လွန်၍ အကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် ရှင်းလင်းပြတ်သားသည့်စံနှုန်းများ ချမှတ်နိုင်ရေးကို မဖြစ်မနေ ဆက်လက်လုပ်ဆောင်ရန် လိုအပ်ကြောင်း NUG က ဆိုသည်။

ထို့အပြင် အရပ်သားပြည်သူကို ကာကွယ်ပေးခြင်းသည် ရည်မှန်းချက် တစ်ရပ်မျှသာမဟုတ်ဘဲ လိုအပ်ချက်တစ်ရပ် ဖြစ်လာစေရေးအတွက် တရားဝင်သည့် သက်ဆိုင်သူ အစုအဖွဲ့အားလုံးနှင့် ပူးပေါင်း ၍ စောင့်ကြည့်ရေးယန္တရားများ ထူထောင်ပေးရန် အာဆီယံအား ဖိတ်ခေါ်ကြောင်း ဖော်ပြ ထားသည်။

(ခ) နိုင်ငံရေးအရ တရားဝင်မှုနှင့် အများယုံကြည် လက်ခံနိုင်မှုရှိစေရန် ဆောင်ရွက်ခြင်း

မည်သည့် နိုင်ငံရေး (သို့) ရွေးကောက်ပွဲ လုပ်ငန်းစဉ်မဆို အကြမ်းဖက်မှုများ ရပ်စဲ၍ နိုင်ငံရေး၌ အားလုံးပါဝင်နိုင်သည့် အခြေအနေရှိမှသာ ဆောင်ရွက်နိုင်မည်ကို NUG အနေဖြင့် အလေးအနက် ဖော်ပြလိုပြီး လူထုထောက်ခံမှု (သို့) ဥပဒေအရ တရားဝင်မှုမရှိသည့် တဖက်သတ်လုပ်ငန်းစဉ်များအား အသိအမှတ်မပြုသည့် အာဆီယံ၏ မူဝါဒအခြေခံသဘောထား ရပ်တည်ချက်ကို ကြိုဆိုသည်။

ယင်းအပြင် ရေရှည်တည်တံ့သည့် နိုင်ငံရေးလမ်းကြောင်းကို ဖော်ဆောင်ရာ၌ အဓိပ္ပါယ်ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးမှုနှင့် ဖက်ဒရယ်ရေးရာ ရည်မှန်းချက်များက အခြေခံအုတ်မြစ်အဖြစ် တည်ရှိရမည် ဖြစ်ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

(ဂ) မူဝါဒအခြေခံပြီး အားလုံးပါဝင်သည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိစေရန် ဆောင်ရွက်ခြင်း

လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းပူးပေါင်းမှုများ၌ AHA Centre ၏ အရေးပါသော အခန်း ကဏ္ဍနှင့် ရရှိလာသည့် တိုးတက်မှုအခြေအနေများကို အသိအမှတ်ပြုပြီး ပိုမိုထိရောက်မှု ရှိစေရန် အတွက် အကူအညီများသည် မူဝါဒအရဖြစ်ကာ လိုအပ်ချက်များအပေါ် အခြေခံရမည် ဖြစ်ကြောင်း NUG က ထုတ်ပြန်ဖော် ပြသည်။

လက်ရှိကာလသည် မြန်မာနိုင်ငံ၏ ဒေသအများအပြားတွင် အရေးပါသည့် ဝန်ဆောင်မှုများနှင့် အုပ်ချုပ်မှု လုပ်ငန်းများ ပံ့ပိုးပေးလျက်ရှိသည့် ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့နှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းသည် ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ လူထုထံသို့ ခွဲခြားမှုမရှိဘဲ အကူအညီများ ရှောက်ရှိနိုင်မည့် အထိရောက်ဆုံး နည်းလမ်းဖြစ်ကြောင်းကို NUG က အလေးထား ဖော်ပြလိုသည်ဟု ဆိုထားသည်။

(ဃ)သုံးနိုင်ငံတွဲဖက်အဖွဲ့ (Troika) နှင့် အာဆီယံအထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်ကို ခိုင်မာအား ကောင်းစေရန် ဆောင်ရွက်ခြင်း

NUG အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အတွက် ခိုင်မာအားကောင်း၍ အခွင့် အာဏာပြည့်ဝသည့် လုပ်ပိုင်ခွင့်ကို အားပေးထောက်ခံပြီး မလေးရှားနိုင်ငံမှ ကနဦးစတင်၍ ဖိလစ်ပိုင်နိုင်ငံက ဆက်လက်လုပ်ဆောင်နေသည့် သံတမန်ရေးရာ အရှိန်အဟုန်အား ထိန်းသိမ်း သွားနိုင်ရန်အတွက် သုံးနိုင်ငံတွဲဖက်ယန္တရားကို ပိုမိုအားဖြည့်သွားရန်လည်း တိုက်တွန်းထားသည်။

ထို့အပြင် မြေပြင်တွင် ပြောင်းလဲနေသော နိုင်ငံရေးအခြေအနေများကို မှန်ကန်စွာ ထင်ဟပ်စေရန် အတွက် ၎င်းတို့နှင့် EROs အပါအဝင် ပိုမိုကျယ်ပြန့်စုံလင်သည့် သက်ဆိုင်သူအစုအဖွဲ့များနှင့် တရားဝင် နည်းလမ်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်လုပ်ဆောင် သွားရန်မှာ အလွန်အရေးပါဆဲဖြစ်သည်။

NUG အနေဖြင့် ငြိမ်းချမ်းသာယာသည့် ဖက်ဒရယ် ဒီမိုကရက်တစ် မြန်မာနိုင်ငံတည်ဆောက်ရေး မျှော် မှန်း ချက်ကို ခိုင်မာစွာ ရပ်တည်ကိုင်စွဲထားရှိပြီး ဒေသတွင်း တည်ငြိမ်ရေးနှင့် မြန်မာပြည်သူများ၏ ဂုဏ်သိက္ခာထိန်းသိမ်းမြှင့်တင်ရေးဟူသည့် ဘုံရည်မှန်းချက်များ အောင်မြင်စေရေးအတွက် အာဆီယံ ဥက္ကဋ္ဌ၊ သုံးနိုင်ငံတွဲဖက်အဖွဲ့ (Troika)၊ အာဆီယံအထူးကိုယ်စားလှယ်တို့နှင့် အပြုသဘော ဆောင်စွာ ပူးပေါင်း ဆောင်ရွက်သွားရန် အသင့်ရှိကြောင်း NUG ၏သဘောထားကို ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- လူမှုကွန်ရက်