ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂ ရက်

အာဏာသိမ်းမှုနောက်ပိုင်း (၅) နှစ်အကြာမှာ မြန်မာနိုင်ငံဟာ ကြောက်မတ်ဖွယ်ရာ အခြေအနေနဲ့ ဆိုးရွားသော အကျပ်အတည်းကို ရင်ဆိုင်နေရဆဲလို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Yvette Cooper က ပြော ပါတယ်။

ဗြိတိန်အစိုးရဟာ မြန်မာပြည်သူတွေကို ပံ့ပိုးကူညီဖို့ သံန္နိဌာန်ချထားတယ်လို့ အာဏာသိမ်းမှု (၅) နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ ၎င်းက ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

ဗြိတိန်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က မြန်မာပြည်သူ ၁ ဒသမ ၄ သန်းကို လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခဲ့ပြီး ပြည်သူ ၁ ဒသမ ၃ သန်းကို ကျန်းမာရေးဝန်ဆောင်မှုပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

သို့သော်လည်း မြန်မာနိုင်ငံရဲ့ မြေပြင်အခြေအနေဟာ ကြောက်မတ်ဖွယ်ရာဖြစ်နေဆဲပဲလို့ ၎င်းက ဆက်ပြောပါတယ်။

“မြန်မာကလေးငယ် ထက်ဝက်ဟာ ကျောင်းထွက်ရပြီး အမျိုးသမီးတွေနဲ့ မိန်းခလေးတွေဟာ အကြမ်းဖက်မှုတွေ ရင်ဆိုင်နေရပါတယ်။ မူးယစ်ဆေး ထုတ်လုပ်မှုနဲ့ ဆိုက်ဘာရာဇဝတ်မှုလိုမျိုး ရာဇဝတ် မှုတွေ ဗြိတိန်နိုင်ငံမှာ ပေါများလာခဲ့ပါတယ်” လို့ သူက ပြောပါတယ်။

စစ်အုပ်စုရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိခဲ့ကြောင်း၊ မြန်မာပြည်သူတွေရဲ့ မျှော် မှန်းချက်တွေ ပြည့်မီဖို့ လုပ်ဆောင်စရာတွေ ရှိနေသေးကြောင်း၊ အရပ်သားတွေကို ကာကွယ်ပေးဖို့ အဖွဲ့အ စည်းအားလုံးကို တိုက်တွန်းကြောင်း ၎င်းက ဆိုပါတယ်။

“လေကြောင်းတိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့၊ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခွင့်ပြုဖို့၊ ဒေါ် အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့၊ ဒီမိုကရေစီ ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးအတွက် စစ်မှန်သော ဆွေးနွေးမှုတွေပြုလုပ်ဖို့ မြန်မာစစ်အုပ်စုကို တောင်းဆိုတယ် လို့ ၎င်းက ပြောပါတယ်။

ကိုးကား – Independent
Ref; Yvette Cooper warns of ‘dire’ crisis in Myanmar, five years on from coup