ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁ ရက်

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်း ၅ နှစ်အတွင်း စစ်ကော်မရှင်နှင့် ၎င်းတို့၏ လက်ပါးစေများကြောင့် ပြည်သူ ၈,၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ ယခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်း သေဆုံးခဲ့ရမှုများအနက် AAPP က ကောက်ယူအတည်ပြုထားနိုင်သော အချက် အလက်များအရ စစ်အာဏာသိမ်းမှုကို လက်မခံသူများအပါအဝင် အရပ်သားပြည်သူ ၇,၇၃၈ ဦး သေဆုံး၍ နိုင်ငံ့ခေါင်းဆောင်များ၊ ကလေးငယ်များနှင့် စုစုပေါင်း ၃၀,၃၅၇ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

သေဆုံးသူများထဲတွင် အမျိုးသမီး ၂,၀၃၃ ဦး၊ အရွယ်မရောက်သေးသူ ကလေးငယ် ၁,၀၀၁ ဦးနှင့် ဖမ်းဆီးခံရပြီးနောက် ထောင်တွင်း၊ စစ်ကြောရေး စသည်တို့၌ အသတ်ခံရသူ ၂,၂၃၅ ဦး ပါဝင်ပြီး စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ် သည်။

ထို့အတူ အာဏာသိမ်း စစ်ကော်မရှင်က ဖမ်းဆီးထားသည့် ၃၀,၃၅၇ ဦးတွင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသမီး ၆,၂၄၉ ဦးနှင့် ကလေး ၆၃၁ ဦး ပါဝင်ကြောင်း AAPP က ဆိုသည်။

ယင်းအပြင် လက်ရှိအထိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံ့ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၂,၇၆၇ ဦး ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရသည်။

နိုင်ငံ့ခေါင်းဆောင်များနှင့်အတူ လက်ရှိအထိ အာဏာသိမ်း စစ်ကော်မရှင်က ဖမ်းဆီးချုပ်နှောင်ခံရသူများတွင် အမျိုး သမီး ၄,၂၉၀ ဦးနှင့် ကလေး ၂၄၉ ဦးတို့လည်း ပါဝင်နေပြီး ရန်ကုန်တွင် အများဆုံးဖြစ်ကြောင်း AAPP က ထုတ်ပြန်ဖော်ပြသည်။

ဓာတ်ပုံ – MOI