ဧရာ၀တီတိုင်းမ်
(ပဲခူး)၊ ဖေဖော်ဝါရီ ၁ ရက်

 

စစ်ကော်မရှင်၏ ပဲခူးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ၎င်း၏ ကိုယ်ကျိုးစီးပွားအတွက် လာဘ်ငွေ (ဂါကြေး) ရရှိရန် မျှော်လင့်ကာ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ တိုင်းအတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များကို ဆီခွဲတမ်း ကန့်သတ်ကာ ပညာပြနေကြောင်း စက်သုံးဆီလုပ်ငန်းရှင်များ ထံမှ သိရသည်။

 

စစ်ကော်မရှင်၏ ပဲခူးတိုင်းဝန်ကြီးချုပ်သည် နယ်မြေလုံခြုံရေးကို အကြောင်းပြကာ ရန်ကုန်-မန္တလေး လမ်းမကြီးဘေးရှိ ဆီဆိုင်အချို့ကိုသာ ပုံမှန်ခွဲတမ်းပေးပြီး ကျန်ရှိသည့် ဆီဆိုင်များအားလုံးကို ခွဲတမ်း လျှော့ချထားခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ၇ ရက်တစ်ပတ်လျှင် တစ်ကြိမ် ခွဲတမ်းရရှိရမည့် ဆီဆိုင်များကို ယခုအခါ တစ်လလျှင် တစ်ကြိမ်သာ ခွဲတမ်းပေးရန် ပိတ်ပင်ကန့်သတ်ထားကြောင်း သိရသည်။

 

“ဆီခွဲတမ်း ကန့်သတ်ထားတာ တစ်လခွဲလောက် ရှိပါပြီ။ ဒီနေ့အထိ တစ်ကြိမ်ပဲ ရပါသေးတယ်။ စုံစမ်း ကြည့်တော့ တိုင်းဝန်ကြီးချုပ်က တမင်လုပ်ထားတာလို့ သိရတယ်။ ညွှန်ကြားချက် တစ်ခါထွက် တိုင်း ဆီဆိုင်တွေ စုပေါင်းပြီး တိုင်းရုံးကို သွားရောက် ‘ကန်တော့’ (လာဘ်ထိုး) ရလေ့ရှိတယ်။ အခုလည်း စုပြီး သွားရဦးမယ် ထင်တယ်” ဟု စက်သုံးဆီအရောင်းဆိုင်များနှင့်နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

စက်သုံးဆီလုပ်ငန်းရှင်များသည် တရားဝင်လိုင်စင်များရှိသော်လည်း စစ်ကော်မရှင်၏ ယန္တရားအတွင်း၌ နယ်မြေလုံခြုံရေးကို အကြောင်းပြ၍ အမျိုးမျိုးသော ဖိနှိပ်မှုများကို ကြုံတွေ့နေရပြီး ရန်ကုန် – မန္တလေး လမ်းဘေးရှိ စက်သုံးဆီအရောင်များသာ ပုံမှန် ခွဲတမ်းရရှိ၍ ကျန်စက်သုံးဆီဆိုင်များအားလုံးကို ခွဲတမ်း လျော့ထားကြောင်း သိရသည်။

ထို့ပြင် ဆီဘောက်ဆာကားများ သယ်ယူရာတွင်လည်း လမ်းတစ်လျှောက်ရှိ စစ်ကော်မရှင် တပ်ဂိတ်များအား ငွေကြေးပေးဆောင်နေရသည့်အပြင် နယ်မြေခံလက်နက်ကိုင်များကိုလည်း ဆီခွဲ တမ်းများ ပေးဆောင်နေရသည်။

 

စစ်ကော်မရှင်၏ လာဘ်ပေးလာဘ်ယူမှုများမှာ အောက်ခြေမှသည် အထက်ပိုင်းအထိ ကျယ်ပြန့် နေပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်ကလည်း စက်သုံးဆီတင်သွင်းမှုတွင် အခရာကျသည့် စွမ်းအင်ဒုဝန်ကြီး ဦးသန့်စင်ကို လာဘ်ငွေကိစ္စဖြင့် စစ်ဆေး၍ ရာထူးမှ ဖယ်ရှားခဲ့သည်။

 

လက်ရှိတွင် စစ်ကော်မရှင်သည် အတုအယောင်ရွေးကောက်ပွဲအပြီး လာမည့် မတ်လအတွင်း အစိုးရသစ်ဖွဲ့မည်ဟု စစ်ကော်မရှင်က ကြေညာထားသော်လည်း ၎င်းတို့ခန့်အပ်ထားသည့် တိုင်းဝန်ကြီး ချုပ်များမှာ လုပ်ပိုင်ခွင့်ကို အသုံးချ၍ စီးပွားရေးလုပ်ငန်းရှင်များထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။