ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၁ ရက်
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ၅ နှစ်ပြည့်မြောက်သည့် ယနေ့ ဖေဖော်ဝါရီ ၁ ရက်တွင် သြစတြေးလျအစိုးရက စစ်အာဏာရှင်အဖွဲ့အစည်း၏ ရက်စက်ကြမ်းကြုတ်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ၎င်းတို့ပြုလုပ်ခဲ့သည့် အတုအယောင် ရွေးကောက်ပွဲများကိုလည်း အသိအမှတ်မပြုကြောင်း ထုတ်ပြန်လိုက်သည်။
သြစတြေးလျသံရုံး၏ ထုတ်ပြန်ချက်တွင် အာဏာသိမ်းမှု ၅ နှစ်တာအတွင်း မြန်မာပြည်သူများသည် တိုးမြင့်လာသော အကြမ်းဖက်မှုများနှင့် ဆိုးရွားသော လူသားချင်းစာနာမှုဆိုင်ရာ ဒုက္ခများကို ရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်။

အထူးသဖြင့် စစ်အာဏာရှင်အဖွဲ့အစည်းက မကြာသေးမီက ပြုလုပ်ခဲ့သော ရွေးကောက်ပွဲများသည် အတိုက် အခံများ၏ ပါဝင်မှုမရှိဘဲ ဖိနှိပ်မှုများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်၍ လွတ်လပ်တရားမျှတမှု မရှိကြောင်း သြစတြေးလျအစိုးရက ထုတ်ပြန်ထားသည်။
“မြန်မာလူထုအပေါ် စစ်အာဏာရှင်အဖွဲ့အစည်းရဲ့ ရက်စက်တဲ့ ဆက်လက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်လို့ သြစတြေးလျအနေနဲ့ အစဉ်တစိုက် ရှုတ်ချလာခဲ့တာဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေအပေါ်မှာဆက်လက်စောင့်ကြည့် သွားမှာ ဖြစ်ပါတယ်” ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong က သူမ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရေးသားပြောဆို ထားသည်။
၂၀၂၆ ခုနှစ်အတွင်း လူပေါင်း ၁၆ ဒသမ ၂ သန်းကျော်သည် လူသားချင်းစာနာမှု အကူအညီများ အရေးတကြီး လိုအပ်နေပြီး လူပေါင်း ၃ ဒသမ ၆ သန်းကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။ ထို့အပြင် စီးပွားရေး ကျဆင်းမှုနှင့်အတူ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ ကြီးထွားလာခြင်းသည် ဒေသတွင်းတည်ငြိမ် မှုကို ခြိမ်းခြောက်နေကြောင်း သြစတြေးလျအစိုးရက ထောက်ပြထားသည်။
သြစတြေးလျအစိုးရအနေဖြင့် မတရားဖမ်းဆီးခံထားရသူအားလုံးကို လွှတ်ပေးရန်၊ အရပ်သားများ အပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် တိုက်တွန်းထားပြီး ပိုမိုကောင်းမွန်သောအနာဂတ်အတွက် မြန်မာပြည်သူ များနှင့် အတူ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ပုံစာ-ဩစတြေးလျနိုင်ငံခြားရေးကြီး Penny Wong