ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၁ ၊ ၂၀၂၆
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ၅ နှစ်အကြာတွင် နိုင်ငံ၏အခြေအနေမှာ စိုးရိမ် ဖွယ်ရာ ဆက်လက်ရှိနေဆဲဖြစ်ပြီး လက်ရှိပြုလုပ်ခဲ့သော ရွေးကောက်ပွဲလုပ်ငန်းစဉ်သည် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီမှုမရှိကြောင်း ဆွစ်ဇာလန်သံရုံးက ယနေ့ ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်သည်။
ဆွစ်ဇာလန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ယိုယွင်းလာသော လူသားချင်းစာနာမှု အခြေအနေများအပေါ် အထူးစိုးရိမ်ကြောင်း ဖော်ပြထားသည်။ လက်ရှိတွင် ပြည်တွင်း၌ အိုးမဲ့အိမ်မဲ့ဖြစ်ရသူ (IDPs) ၄ သန်းကျော် အပါအဝင် လူပေါင်း ၁၆ သန်းကျော်သည် လူသားချင်းစာနာမှု အကူအညီများ အရေးတကြီး လိုအပ်နေ ကြောင်းလည်း ထောက်ပြထားသည်။

ယင်းအပြင် အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများနှင့် ဒရုန်းတိုက်ခိုက်မှုများ အပါအဝင် ရန်ပြုမှုများကို ချက်ချင်းရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် အပါအဝင် မတရားဖမ်းဆီးခံထားရသူ အားလုံးကို လွှတ်ပေးရန်နှင့် လူသားချင်းစာနာမှု အကူအညီများ အတားအဆီးမရှိ ဝင်ရောက်ခွင့်ပြုရန်တို့ကို ဆွစ်ဇာလန်နိုင်ငံက ထပ်မံတောင်းဆိုထားသည်။
နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ တိုးပွားလာခြင်းသည် ဒေသတွင်း တည်ငြိမ်မှုအတွက် ခြိမ်းခြောက်မှု ဖြစ်လာနေကြောင်းနှင့် လက်ရှိအကျပ်အတည်းအတွက် နိုင်ငံရေးအရ ဖြေရှင်းချက်တစ်ခုဆီသို့ လမ်းခင်းနိုင်မည့် ခြေလှမ်းများ လှမ်းနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ဖော်ပြပါရှိသည်။
ဆွစ်ဇာလန်နိုင်ငံသည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက်ထောက်ခံ သွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်း၍ ဒီမိုကရေစီကျသော ရေရှည်တည်တံ့သည့် အနာဂတ် ဖြစ်ပေါ်လာစေရန် ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တွေ့ရသည့် မြန်မာစစ်ဘေးရှောင်များ။