ဧရာ၀တီတိုင်းမ်
(တောင်ငူ) ဖေဖော်ဝါရီ ၁ ရက်
ပဲခူးတိုင်း၊ တောင်ငူမြို့၊ အမှတ် (၁၉) ရပ်ကွက်၊ မြင်းဖြူအင်းလမ်းကြားရှိ ပင်စင်စားရဲမေ ဒေါ်တင် တင်အေး၏ နေအိမ်တွင် ယနေ့ ဖေဖော်ဝါရီ ၁ ရက် နံနက် ၂ နာရီဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် အသက် (၆၀) ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးမှာ အိမ်အတွင်း ပိတ်မိ၍ မီးလောင်သေဆုံးခဲ့ပြီး အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦးနှင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ် တစ်ဦးတို့မှာ မီးလောင်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်။

“မနက် ၂ နာရီလောက်မှာ အိမ်မကြီးကနေ စလောင်တာပါ။ ကျွန်တော်လည်း အိပ်ကောင်းနေတုန်း အိပ်မက်လိုလိုနဲ့ တအားပူလာလို့ နိုးပြီး ထပြေးခဲ့ရတယ်။ အိမ်ရှင်တွေက ညဆို မီးပိတ်အိပ်လေ့ရှိတော့ ခြင်ဆေးခွေကနေတစ်ဆင့် မီးစလောင်တာ ဖြစ်နိုင်တယ်” ဟု မီးလောင်ပြင်မှ လွတ်မြောက်လာသည့် အိမ်ငှားအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မီးလောင်မှုဖြစ်ပွားသည့်နေအိမ်မှာ မြင်းဖြူအင်းလမ်း၏ အတွင်းပိုင်းတွင် တည်ရှိပြီး လမ်းကျဉ်းသဖြင့် မီးသတ်ကားများ ဝင်ရောက်ရန် ခက်ခဲခဲ့ခြင်းကြောင့် ခြံဝင်းအတွင်းရှိ နေအိမ် ငါးလုံးစလုံး မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-CJ