ဧရာဝတီတိုင်းမ်
(အုတ်တွင်း)၊ ဖေဖော်ဝါရီ ၁ ရက်

 

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့က ပြောင်ချောင်းကျေးရွာတိုက်ပွဲအတွင်း တပ်ပျက်ကာဆုတ်ခွာထွက်ပြေးသည့် စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်ရာ ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ပြောင်ချောင်းရွာတိုက်ပွဲတွင် အထိနာလာသည့်စစ်တပ်မှာ ပေါက်ခါင်းမြို့နယ်၊ ဘော်ဒါအထိုင်စခန်းသို့ အင်အား ၁၀၀ ဝန်းကျင်ဖြင့် ပြန်ဆုတ်ခွာလာရာ ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်း အုတ်တွင်းမြို့နယ်၊ တံခွန်တိုင်ပေါက်အနီးတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ စစ်ကော်မရှင်တပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ဝန်းကျင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်သား ၁၀ ဦးနှင့်အထက်‌သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်းသိရသည်။

 

“ခုလောလောဆယ်တော့ မနေ့က(ဇန်နဝါရီ၃၀ရက်) ပြည်ဘက်ကနေ ပေါက်ခေါင်း ခလရ ၅၃ထဲကို စစ်ကော်မရှင်တပ်တွေ ဖောကားငါးစီးနဲ့ရောက်လာတယ်လို့သိရတယ်။ အဲ့စစ်သားတွေ ပေါက်ခေါင်းအရှေ့ဘက်က ချင်းလည်ဂိတ်မှာ ရောက်ရှိနေတာရှိတယ်။ လောလောဆယ်တော့ ဘယ်ကိုထွက်မလဲမသိသေးဘူး” ဟု ပြည်ခရိုင်တပ်ရင်း-၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

တိုက်ပွဲအတွင်း MA-4 တစ်လက်၊ ၄၀-မမ တစ်လုံးကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး စစ်တပ်၏ အင်အား ၁၀၀ ဝန်းကျင်ပါ စစ်‌‌ကြောင်းမှာ ဘော်ဒါအထိုင်စခန်းသို့ ၆၀ ဦး ဝန်းကျင်ခန့်သာ ပြန်ရောက်သွားကြောင်းလည်း သိရသည်။

တိုက်ခိုက်မှုကို ဗျူဟာ(၂၁)ကွပ်ကဲမှူဖြင့် ဗျူဟာရုံးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ပြည်ခရိုင် တပ်ရင်း-၁ တပ်ရင်းစစ်ကြောင်း၊ ပြည်ခရိုင် တပ်ရင်း-၂၊ တပ်ခွဲ-၁၊ တပ်ခွဲ-၃ တို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

အုတ်တွင်းမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့က အင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကော်မရှင်စစ်ကြောင်းကို အုတ်တွင်း-ပေါက်ခေါင်းလမ်းပိုင်းရှိ ပြောင်ချောင်းရွာတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တပ်သား ၅၀ ဝန်းကျင်သေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ – ပေးပို့