ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဇန်နဝါရီ ၃၁ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ဆုန်ဟာရမ်ကျေးရွာနှင့် ခွန်လီကျေးရွာတို့တွင် စစ်ကော်မရှင် တပ်နှင့် ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုများရှိကြောင်း ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ဖလမ်းမြို့နယ်၊ ဆုန်ဟာရမ်ကျေးရွာတွင် ခြေကုပ်နေရာယူထားသော စစ်ကော်မရှင်တပ်ကို ယနေ့ ဇန်နဝါရီ ၃၁ ရက်၊ မနက်တွင် ချင်းတော်လှန်ရေးတပ်ဖွဲ့တို့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းသည် ဝေဘူလမြို့ဘက်မှ တက်လာခြင်းဖြစ်ပြီး ဖလမ်းမြို့ဘက်သို့ ရှေ့ဆက်မတိုး နိုင်ဘဲ ကျေးရွာအတွင်း ခြေကုပ်ယူနေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“ဝေဘူလမြို့ကနေ တက်လာတဲ့ စစ်ကြောင်းက ဆုန်ဟာရမ်ရွာ ပတ်လည်မှာ ခြေကုတ်နေရာယူ ထားတယ်။ အဲစစ်ကြောင်းက ဖလမ်းမြို့ဘက်လည်း ရှေ့ဆက်လည်းမတိုးနိုင်တော့ဘဲ ရွာမှာ အခြေချ တာပါ။ ဒီမနက် တိုက်ခိုက်ခဲ့ပါတာပါ။ တိုက်ပွဲက မကြာဘူး။ သူတို့ဘက်က လေယာဥ်ပစ်ကူလာတော့ ပြန်ဆုတ်လိုက်ရတယ်”ဟု ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်မှ လေး ဦး သေဆုံးပြီး ငါး ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ကာ တော်လှန်ရေးအဖွဲ့ဘက်မှလည်း ရဲဘော်အချို့ ဒဏ်ရာရရှိခဲ့သည်။

အလားတူ ယမန်နေ့ ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းကလည်း ဖလမ်းမြို့အနီးရှိ ခွန်လီကျေးရွာတွင် ခြေကုပ်ယူထားသော စစ်ကော်မရှင်တပ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက် ခဲ့သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကော်မရှင်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိသလို ချင်းပြည်အစိုးရ (CC) အဖွဲ့ဝင်ဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – ဟွာငိုရမ် (CDF-Hualngoram) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

“ညနေ ၃ နာရီလောက်မှာ ခွန်လီရွာက စစ်ကောင်စီတွေကို တိုက်ခိုက်ခဲ့တာပါ။ ရွာက ကုန်းတွေမှာ စစ်ကောင်စီတွေက နေရာသေချာပြင်ဆင်ပြီး တပ်စွဲထားတယ်။ ဖလမ်းမြို့နဲ့လည်းသိပ်မဝေးဘူး။ ရှေ့ဆက်လည်း မတိုးဘူး။ ကျွန်တော်တို့ဘက်က ထိုးစစ်ဆင်တိုက်တာပဲရှိတယ်”ဟု ရှေ့တန်းစစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်တပ်သည် တိုက်ပွဲများအတွင်း လေကြောင်းပစ်ကူများကို အသုံးပြုခဲ့သည့်အပြင် ဇန်နဝါရီ ၃၀ ရက် မွန်းလွဲပိုင်းတွင် ဖလမ်းမြို့နယ်၊ ဆီမ်ဒီးကျေးရွာကို Y-12 လေယာဉ်ဖြင့် ရှစ် ကြိမ်ထက်မနည်း ဗုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် ပြည်သူပိုင်နေအိမ် သုံး လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ပုံစာ-ချင်းကာကွယ်ရေးတပ်ဖွဲ့ – ဟွာငိုရမ် မှကျဆုံးရဲဘော်။