နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်
အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်သည့် တစ်ဖတ်သတ် ရွေးကောက်ပွဲအပေါ် သိပ်အားရမှု၊ မျှော်လင့်ချက် ကြီးကြီးမားမား မရှိကြောင်း ၎င်းတို့နှင့် ထိတွေ့ဆက်ဆံလျက်ရှိသော လက်ရှိလက်ကျန် အပစ်ရပ်အဖွဲ့များ၏ မဟာမိတ်အဖွဲ့ (7 EAO Alliance) ပြောခွင့်ရထံမှ သိရသည်။
အပစ်ရပ်အဖွဲ့များ၏ မဟာမိတ်အဖွဲ့ 7 EAO Alliance ကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးယွက်စစ်က ဦးဆောင်ထားပြီး ယခုရက်အတွင်း အဖွဲ့အစည်း အစည်းအဝေး ပြုလုပ်ရာ၌ နိုင်ငံရေး၊ စစ်ရေးအပြင် အဆိုကိစ္စရပ်များပါ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
လက်ရှိနိုင်ငံ၏ပကတိကြုံတွေ့နေရသော အခက်အခဲအကျပ်အတည်းကို ကျော်လွှားချင်သော်လည်း သက်ဆိုင်သူအားလုံး ပါဝင်တွေ့ဆုံဆွေးနွေး အဖြေရှာသော အခင်းအကျင်းမှာ အလွန်ပင် ခက်ခဲနေဦး မည်ဟု 7 EAO Alliance ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆိုသည်။
“ဆိုတော့ကာ ကျွန်တော်တို့အနေနဲ့ ဒီရွေးကောက်ပွဲအပေါ် သိပ်ပြီးတော့ အားရတယ်ဆိုတဲ့ မျှော်လင့်ချက် ကြီးကြီးမားမား မရှိပေမယ့် နိုင်ငံရဲ့ ၅ နှစ်တာအရ တစ်ခုခုတော့ အပြောင်းအလဲကို မြင်တွေ့ရနိုင်တဲ့ အစပြုမှုတစ်ခုလို့ပဲ သုံးသပ်မိပါတယ်” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အစည်းအဝေးအတွင်း နိုင်ငံတကာ အခင်းအကျင်းနှင့် တစ်ဖတ်သတ် ရွေးကောက်ပွဲအလွန် ဖြစ်ပေါ် လာနိုင်ဖွယ်ရှိသည့် အလားအလာများကိုလည်း သုံးသပ်ဆွေးနွေး၍ အဆိုပြုချက်များ၊ လမ်းညွန်မှုများ ချမှတ်ခဲ့ကြောင်း 7 EAO Alliance ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းတို့မှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အသွင်ကူးပြောင်းရေးဆိုင်ရာ လမ်းညွှန်မှုများ၊ 7 EA ၏ မဟာဗျူဟာဆိုင်ရာ ပြန်လည်သုံးသပ်မှုနှင့် ပြင်ဆင်ဆောင်ရွက်မှုများဆိုင်ရာ လမ်းညွှန်မှုများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဥ် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ လမ်းညွန်မှုများဖြစ်သည်။
“ပကတိအနေအထား တစ်ခုအောက်မှာ နိုင်ငံအနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ် အတည်းတွေကို လျော့ကျကျော်လွှားပြီး သွားနိုင်တဲ့ အခင်းအကျင်းတစ်ခုကို ကျွန်တော်တို့ စဉ်းစားထားတာ ရှိတယ်” ဟု 7 EAO Alliance ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
ယင်းအပြင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အသွင်ကူးပြောင်းရေးဆိုင်ရာ လမ်းညွှန်မှု၊ အဆိုပြုချက်အနေဖြင့် ပါဝင်သက်ဆိုင်သူအားလုံး မည်သည့် ချို့ယွင်းချက်၊ ကြိုတင်ကန့်သတ်ချက် တစ်စုံတစ်ရာ မထားဘဲ အပစ်ရပ်၍ ဆွေးနွေးဆောင်ရွက်ရန်ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို အာမခံချက်ပေးနိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဆိုင်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲရန်နှင့် ရွေးကောက်ပွဲ ပြုလုပ်ရန်တို့ဖြစ်ပြီး သက်ဆိုင်သူများအားလုံးထံ အဆိုပြုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
နိုင်ငံ့ခေါင်းဆောင်များနှင့် NLD ပါတီအပါအဝင် အတိုက်အခံ နိုင်ငံရေးပါတီများကို ဖမ်းဆီးဖျက်သိမ်း၍ တိုက်ပွဲများအကြား အပိုင်းသုံးပိုင်း ခွဲလုပ်သည့် စစ်ကော်မရှင်၏ ၂၀၂၅ ရွေးကောက်ပွဲကို အဆိုပါအပစ်ရပ်အဖွဲ့များက လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ပေးခဲ့သည်။
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲကို ပြည်သူများ လက်မခံဆန့်ကျင်၍ မဲလာပေးမှု နည်းပါးခဲ့သော်လည်း အငြင်းပွားဖွယ် ပွင့်လင်းမြင်သာမှု မရှိသည့် ကြိုတင်မဲများ သာလွန်မှုဖြင့် လက်ဝေခံ ကြံ့ခိုင်ရေးပါတီက နိုင်ငံတဝန်း မဲအများဆုံး အနိုင်ရခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- MOI