ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်တွင် မြို့သိမ်းတိုက်ပွဲ စတင်နေပြီး တော်လှန်ရေးတပ်ဖွဲ့များက စစ်ကော်မရှင်၏ ကာကင်းစခန်းတချို့ကို သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

ဧရာဝတီတံတားအနီးနှင့် ထီးချိုင့်မြို့ပေါ်ရှိ စစ်ကော်မရှင်တပ်စခန်းချရာနေရာများတွင် တိုက်ပွဲပြင်းထန်နေပြီးတော်လှန်ရေးတပ်များက ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက် နံနက် ငါး နာရီဝန်းကျင်အချိန်မှစ၍ ထိုးစစ်ဆင် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“မြို့သိမ်းတိုက်ပွဲစတာ မှန်တယ်။ စဝင်ဝင်ချင်းနေ့ကတော့ တိုက်ပွဲ ပြင်းထန်တယ်။ စစ်ရေးအခြေအနေက ပူးပေါင်းအဖွဲ့တွေနဲ့ဆိုတော့ သေချာပြောလို့မရသေးပါဘူး”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲဖြစ်လာချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များက မြို့နှင့် မြို့အနီးဝန်းကျင်ရှိ ဒေသခံများကို ဘေးလွတ်ရာသို့ တိမ်းရှောင်ခိုင်းထားသည်ဟု ဆိုသည်။

ထီးချိုင့်တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင် ဘာလကုန်ပိုင်းအထိ တိုက်ပွဲများရှိနေခဲ့ကာ နောက် ပိုင်းတွင် တိုက်ပွဲများငြိမ်သက်သွားပြီး ယခုတစ်ဖန် မြို့သိမ်းတိုက်ပွဲ ဖြစ်လာခြင်းဖြစ်သည်။

ဒေသဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် KIA တို့ပူးပေါင်းကာ ထီးချိုင့်၊ ကသာ၊ ကောလင်း၊ ဗန်းမော်၊ ဗန်းမောက် စသည့်မြို့နယ်များတွင် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်လာခြင်းဖြစ်သည်။

ဓာတ်ပုံ-ထီးချိုင့်ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ကို ၂၀၂၂ မတ်လအတွင်းက တွေ့ရစဉ်။