ဧရာဝတီတိုင်းမ်
(ဘောလခဲ)၊ ဇန်နဝါရီ ၃၀ ရက်
ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်တွင် စစ်ကော်မရှင်၏ တရားမဝင်ရွေးကောက်ပွဲပြုလုပ်ပြီးနောက် တိုက်ပွဲများကြောင့် ပိတ်ထားရသည့် ဘောလခဲပြည်သူ့ဆေးရုံကြီးကို ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင် နေကြောင်း သိရသည်။
လက်ရှိတွင်ဘောလခဲမြို့ပေါ်၌ ဒေသခံအများစုမှာ စစ်ဘေးရှောင်တိမ်းနေကြသည့်အတွက် မြို့တွင်း နေထိုင်သူ အနည်းအကျဉ်းသာရှိပြီး အဓိကအားဖြင့် တပ်မိသားစုဝင်များသာရှိပြီး လူဦးရေ ၄၀၀ ဝန်းကျင်သာရှိနိုင်ကြောင်း သိရသည်။
“ပြည်သူ့ဆေးရုံက တပ်ဝင်းနဲ့ကပ်ရပ်ပဲ။ သူတို့ရွေးကောက်ပွဲပြီးပြီဆိုတော့ စည်စည်ကားကားဖြစ်အောင် ပြန်လုပ်ဖို့အတွက် အဓိကစဉ်းစားချက်လည်းပါပါတယ်။ တပ်ဆေးရုံမဟုတ်ဘဲ ပြည်သူ့ဆေးရုံဖွင့်ဖို့ ကြိုးစားတာ သူတို့အနေနဲ့ကတော့ တစ်စုံတစ်ရာလုပ်လာနိုင်တယ်ဆိုတဲ့ လက္ခဏာကို ပြသခြင်း ဖြစ်သလို အခြားတစ်ဖက်မှာလည်း လူထုရှိတယ် စည်ကားမှုရှိတယ်ဆိုတာကို ပြချင်တဲ့ ပြယုဂ် တစ်ခုလည်း ဖြစ်တယ်” ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင်မူ ဘောလခဲမြို့တွင်းသို့ ဝင်ထွက်သွားလာရန် လွယ်ကူခြင်းမရှိပဲ စစ်ကော်မရှင် တပ်သည်ပင်လျင် ရဟတ်ယာဉ်အသုံးပြု၍ သွားလာနေရကြောင်း သိရသည်။
စစ်ကော်မရှင်ကမူ ခေတ္တပိတ်ထားရသည့် ဘောလခဲဆေးရုံကြီးကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ထွန်း အောင် နှင့် ဌာနဆိုင်ရာတို့ပူးပေါင်းကာ ပြန်လည်ဖွင့်လှစ်ရန် သန့်ရှင်းရေးပြုလုပ်ခဲ့ကြ ကြောင်း ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
ကရင်နီရှိ ဒေသအများစုကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသော်လည်း စစ်ကော်မရှင်က ၎င်းတို့ထိန်းချုပ်နိုင်သည့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ မြို့ပေါ်ဒေသများတွင် ရသည့်နည်းဖြင့် တရားမဝင်ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – MOI