ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းရှိ စစ်ကော်မရှင်၏ ကာကင်းစခန်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်လိုက်ပြီး တိုက်ပွဲအတွင်း အရာရှိပိုင်းများအပါအဝင် စစ်ကော်မရှင်ဘက်မှ သေဆုံးမှု များပြားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

သာပေါင်းမြို့နယ်အတွင်းရှိ သာပေါင်းလေး၊ ‌ကျားခေါင်း၊ ကင်မွန်းချုံနှင့် သစ်ဝမ်းပူ ကျေးရွာများ အနီးတွင် စစ်ကော်မရှင်နှင့် AA၊ ဧရာဝတီ ပကဖ၊ ဧရာဝတီ PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကော်မရှင်ဘက်မှ တပ်ဖွဲ့ဝင် ရာနှင့်ချီ သေဆုံးနေပြီး ကာကင်းစခန်း များလည်း ဆုံးရှုံးနေရကြောင်း သိရသည်။

“အရာရှိပိုင်းတွေပါ တိုက်ပွဲမှာ သေလို့ သတင်းတွေဖုံးထားတယ်။ မဆရ ၄ ကို ပို့ထားတဲ့ အရာရှိ တွေထဲက သေလို့ မနေ့က ရွှေမြင်တင်မှာ လာသင်္ဂြိုဟ်သွားတယ်”ဟု ပုသိမ်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်၏ သာပေါင်းအခြေစိုက် ခမရ (၃၀၈) တပ်ရင်းမှနေ၍ လက်နက်ကြီးများဖြင့် အပြင်း အထန် ပစ်ကူပေးနေသော်လည်း သေဆုံးမှုများပြားသဖြင့် အလောင်းများကို ဖောကားများဖြင့် သယ်ဆောင်နေရသည်။

သေဆုံးအလောင်းများကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက် ညပိုင်းက ခမရ-၃၀၈ အတွင်းသို့ သယ်ယူလာပြီးနောက် ၂၇ ရက် နံနက်ပိုင်းတွင် စစ်သုံးဖောကားများကို မိုးကာများအုပ်၍ ဒဏ်ရာရ အရာရှိများကို ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) စစ်မြေပြင်ဆေးတပ်ရင်း မဆရ-၄ သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဒေသခံများ စွန့်ခွာသွားသည့် သဲဖြူကျေးရွာ၌ စစ်ကော်မရှင်က အထိုင်ချကာ လက်နက် ကြီးများ တပ်ဆင်ထားပြီး သဲဖြူမှ မရမ်းကျင်း၊ ဖိုချောင်းကျေးရွာများအထိ ကင်းပုန်းများ အထပ်ထပ် ချထားကြောင်း ပုသိမ်သတင်းအထူးတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကော်မရှင်ဘက်မှ အင်အားရာနှင့်ချီသေဆုံးကာ အလောင်းများသယ်ယူနေရသည်ကို သတင်းဖုံးဖိရန် အတွက် ညအချိန်များတွင် အလုံအုပ်ထားဖောကားများဖြင့် သယ်ဆောင်နေခြင်းဖြစ်ကြောင်း သိရ သည်။

ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)