စုံစမ်းစစ်ဆေးမှုများ တိုးချဲ့ဆောင်ရွက်ရန် နှင့် ဖမ်းဝရမ်းများအမြန်ဆုံး ထုတ်ပြန်ပေးရန် နိုင်ငံတကာ အစိုးရများက အားပေးတိုက်တွန်းရမည်

ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်

 

စစ်အုပ်စု၏ အစီအစဉ်များကို တားဆီးနိုင်ရန်နှင့် အကြမ်းဖက်မှုများကို အဆုံးသတ်နိုင်ရေးအတွက် အရေးယူဆောင်ရွက်နိုင်ရန် အရေးတကြီးလိုအပ်နေပြီး နိုင်ငံတကာကပိုမိုဖိအားပေးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) က ထုတ်ပြန်လိုက်သည်။

 

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) သည် မြန်မာ့အရေး ဆောင်ရွက်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံတကာမှပညာရှင်များ၊ လူ့အခွင့်အရေး လှုပ်ရှား သူများ၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး လှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

 

နိုင်ငံတကာအစိုးရများသည် စစ်အုပ်စုအပေါ် ဘဏ္ဍာရေးဆိုင်ရာ ပစ်မှတ်ထား ဒဏ်ခတ်အရေးယူရေးနှင့် လက်နက်တင်ပို့မှု ပိတ်ပင်ရေး အစီအမံများချမှတ်ကာ ပိုမိုတိုးမြှင့် ဖိအားပေးမှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း SAC-M ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စစ်ရာဇဝတ်မှုကျူးလွန်သူအဖြစ် စွပ်စွဲခံထားရသော စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါ အဝင် စစ်အုပ်စုအဖွဲ့ဝင်များ ကျူးလွန်ထားသည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ခံလာ စေရန် နိုင်ငံတကာဘက်က အရေးယူ ဆောင်ရွက်မှုများ ချမှတ်ဆောင်ရွက်ရန်လည်း လိုအပ် နေကြောင်း လည်း ဖော်ပြထားသည်။

 

“စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံတာ ဒါမှမဟုတ် အသိအမှတ်ပြုမှုပေးတာ စတဲ့အပြုအမူတွေကနေတစ်ဆင့် စစ်အုပ်စုကို တရားဝင်မှုပေးတဲ့ ဘယ်နိုင်ငံ၊ ဘယ်ကုလသမဂ္ဂအေဂျင်စီ ဒါမှမဟုတ် ဘယ်ကမ္ပဏီမဆို သူတို့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်သူတွေ ဖြစ်သွားမှာပါ” ဟု SAC-M ၏ အမှုဆောင်ဒါရိုက် တာ Ben Lee ကပြောသည်။

 

ထို့ပြင် မြန်မာနိုင်ငံအပေါ် စုံစမ်းစစ်ဆေးမှုကို တိုးချဲ့ဆောင်ရွက်ပေးရန် နှင့် ဖမ်းဝရမ်းများအမြန်ဆုံး ထုတ်ပြန်ပေးရန် နိုင်ငံတကာအစိုးရများက အားပေးတိုက်တွန်းရမည် ဖြစ်ကြောင်း ဆိုသည်။

 

လက်ရှိ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) တွင် ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံအပေါ် စွဲဆိုထားသည့်အမှုအပါအဝင် စစ်အုပ်စုကိုအရေးယူနိုင်ရေးအတွက် အပြည်ပြည် ဆိုင်ရာ စီရင်ဆုံးဖြတ်ပိုင်ခွင့်ကို ကျင့်သုံး၍ပြည်တွင်းတရားရုံးများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အားပေးထောက်ခံရမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဆိုထားသည်။

 

ဓာတ်ပုံ – Getty Images