ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်

 

တော်လှန်ရေးအတွက် ရန်ပုံငွေ ရှာဖွေရာ၌ မည်မျှခက်ခဲနေပါစေ မူးယစ်ဆေးဝါးဖြင့် အလုပ်လုပ်မည် မဟုတ်ဘဲ ဖြူစင်သည့် တော်လှန်ရေးသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ဝန်ကြီး ချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောသည်။

 

NUG စိုးမိုးအုပ်ချုပ်ထားသည့် နယ်မြေအတွင်း ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များမှ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးသော အခမ်းအနားကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဒေါက်တာဇော်ဝေစိုးက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ တော်လှန်ရေးရဲ့ ရန်ပုံငွေ ရှာဖွေရေး ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်လုပ်မှာ မဟုတ်ဘူး။ ဖြူစင်တဲ့ တော်လှန်ရေးဖြစ်တယ်။ ပြည်သူလူထုနဲ့ လူငယ်တွေကို လမ်းမှား ဘယ်တော့မှ ပို့မှာမဟုတ်ဘူး” ဟု ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောသည်။

 

ထို့အပြင် မူးယစ်ဆေးဝါးနှင့် ပတ်သက်လျှင် NUG ၏ ရပ်တည်ချက်၊ မူဝါဒနှင့် ဥပဒေတို့သည် ပြတ်သားပြီး လုံး၀လုံး၀ ခွင့်လွှတ်မည် မဟုတ်သကဲ့သို့ နိုင်ငံ၊ တော်လှန်ရေး၊ ပြည်သူလူထုကို လမ်းမှား ရောက်စေမည်မဟုတ်ကြောင်း ဝန်ကြီးဒေါက်တာဇော်ဝေစိုးက ဆိုသည်။

 

ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးရာတွင် ဘိန်းဖြူ ၆၅၄၅ ခွက်၊ WY စိတ်ကြွဆေးပြား ၄,၆၇၂,၀၀၀ ပြားဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း တစ်သိန်းခန့်ရှိကာ တရားခံများကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဘိန်းဖြူများကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)က ဖမ်းဆီး ရမိ၍ NUG ထံ အပ်နှံခဲ့ခြင်းဖြစ်ပြီး ကျန်ရှိ WY များမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

 

အဆိုပါအခမ်းအနားသို့ NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ နယ်မြေခံ PDF တပ်ရင်းတပ်ဖွဲ့များ၊ ပအဖ၊ ပကဖ၊ ပလဖ ရဲဘော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။

 

ဓာတ်ပုံ-NUG