ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဇန်နဝါရီ ၂၉ ရက်

 

ကရက်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မယ်စဲ့အကျဉ်းထောင်မှ ထောင်ဖောက်ပြေးခဲ့သည့် စစ်ကော်မရှင် စစ်သုံ့ပန်းများမှာ ထွက်မပြေးခင် သုံးလခန့် အလိုကတတည်းက ကြိုတင်ပြင်ဆင် မှုများကိုလုပ်ဆောင်ကာ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) က ယနေ့ ဇန်နဝါရီ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။

 

စစ်သုံ့ပန်းများမှာ ထောင်ဖောက်ထွက်ပြေးရန် ချိတ်ဆက်မှုများကို ထောင်ဝန်ထမ်းများနှင့်ပူးပေါင်း၍ သုံး လခန့်ကြိုတင်ပြင်ဆင်ခဲ့ပြီး ထွက်ပြေးစဉ် ၈-၁၀ ဦးတစ်စုပြေးကာ စားနပ်ရိက္ခာ၊ ကြိုတင်ဆက် သွယ်ရမည့်ဖုန်း၊ ဖုန်းနှင့်ဖုန်းကဒ်၊ ထိုင်းနိုင်ငံဘက်ခြမ်းရှိ စစ်တပ်ရှိရာဒေသများ၊ ချိတ်ဆက်ရမည့်သူများ စသည့်ဖြင့် ပြင်ဆင်ကာထွက်ပြေးခြင်းဖြစ်သည်။

 

“ချိတ်ဆက်မှုအစကတည်းကရှိတယ်။ ဘယ်သူ့ကိုချိတ်ဆက်မလဲ။ နာမည်ကအစကျွန်တော်တို့ဆီမှာ အချို့ရထားတာရှိတယ်” ဟု IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထွက်ပြေးသည့်စစ်သုံ့ပန်းများအကျဥ်းသားများမှာ လက်နက်များကိုပါ ခိုးယူထွက်ပြေးခြင်းဖြစ်ပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက လိုက်လံဖမ်းဆီးရာ ပြန်လည်ခုခံသည့်အတွက် ရှစ် ဦးကိုအသေ ပစ်ခတ်ခဲ့ပြီး နှစ် ဦးကိုအရှင်ဖမ်းမိကာ အယောက် ၇၀ ဝန်းကျင်မှာ ထိုင်းစစ်တပ်ထံ အဖမ်းခံခဲ့ကြောင်း သိရသည်။

 

“မြဝတီဘက်ကနေ တစ်ဆင့်စစ်ကော်မရှင်ဘက်ကိုပြန်လွှဲပေးတာ ၆၈ ဦးလို့ပြောတယ်။ သေချာ တာတခုကတော့ စစ်ကော်မရှင်ဆီ အကုန်လုံးပြန်ရောက်သွားတယ်။ ထိုင်းနဲ့မြန်မာကြားမှာ တပ်ပိုင်း ဆိုင်ရာသဘော တူညီချက်ဟာက နှစ်ပေါင်းများစွာရှိနေပြီးသားဖြစ်တယ်။ ယခင်ကတည်းက နယ်စပ် တလျှောက်တိုက်ပွဲတွေဖြစ်ရင် တပ်စခန်းတွေကထွက်ပြေးပြီး ထိုင်းစစ်တပ်တီမှာ လက်နက်ချတာ။ ပြီးမှ ထိုင်းစစ်တပ်က စကမ(စစ်ကော်မရှင်)ဆီပြန်လွှဲပေးတာ” ဟု အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဆက်လက်ပြောသည်။

 

ထောင်ဖောက်ပြေးခဲ့သူများတွင် ဗိုလ်ကြီး၊ အရာခံဗိုလ်၊ ဒုဗိုလ်စသည့် အရာရှိ ငါး ဦး၊ တပ်ကြပ် ၁၅ ဦးအပါ အဝင် စစ်သုံ့ပန်း ၇၆ ဦး၊ ထောင်ဝန်ထမ်း နှစ် ဦးနှင့် မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ကျခံထားရသူ ငါး ဦးပါဝင်ပြီး စုစုပေါင်း ၈၃ ဦးထွက်ပြေးခြင်းဖြစ်ကြောင်း သိရသည်။

 

ဖြစ်စဉ်တွင် အကျဉ်းသားလွတ်မြောက်ရန် ပါဝင်ခဲ့သည့်ထောင်အမှုထမ်း နှစ် ဦးကိုလည်း တရားစွဲဆို အမှုဖွင့်ထားပြီး ကျန်ရှိသည့် စစ်သုံ့ပန်းများကိုလည်း အကျဉ်းသားများဆိုင်ရာ လုံခြုံရေးအစီအမံများနှင့် နိုင်ငံတကာစစ်သုံ့ပန်းဥပဒေများအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း IEC ကထုတ်ပြန်ထားသည်။

 

ယခုဖြစ်စဉ်ကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်ခဲ့ရသည့်အပေါ် စိတ်မကောင်းဖြစ်ရပြီး အဖြစ်မှန် ပေါ်ပေါက်ရေးတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းကာ အရေးယူဆောင်ရွက်သွားမည် ဖြစ်‌ကြောင်း၊ IEC အနေဖြင့် ကရင်နီပြည်လူထု တစ်ရပ်လုံးနှင့် တော်လှန်ရေးအင်အားစုတစ်ရပ်လုံးကို တောင်းပန်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်