ဧရာဝတီတိုင်းမ်
(တီးတိန်)၊ ဇန်နဝါရီ ၂၉ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ New Suangpi ကျေးရွာတွင် စစ်ဘေးရှောင်နေရာမှ နေအိမ်အခြေအနေ ပြန်လည်ကြည့်ရှုရန်လာသည့် အမျိုးသားတစ်ဦး ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်နေ့က မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။
မိုင်းနင်းမိသူမှာ အသက် ၃၈ နှစ်အရွယ်ရှိ Pa Khuang Tin Mang ဖြစ်ပြီး စစ်ကော်မရှင် စစ်ကြောင်း ကျေးရွာတွင်းမှ ထွက်ခွာသွားပြီဟု ကြားသိရ၍ နေအိမ်ပျက်စီးမှုရှိမရှိ အခြေအနေ သွားရောက် စစ်ဆေးစဉ် ရွာထိပ်တွင် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။
“ဘယ်ဘက် ခြေထောက်တစ်ဖက် ဒူအောက်ကနေ ဖြတ်ထုတ်လိုက်ရတယ်။ ညာဘက်ခြေထောက် လည်း ပြင်းထန်ဒဏ်ရာရတယ်။ အခု လုံခြုံတဲ့နေရာမှာ ဆေးကုမှု ခံယူနေပါတယ်။ အသက်အန္တရာယ် ကတော့ စိုးရိမ်စရာ မရှိတော့ပါဘူး”ဟု တီးတိန်မြို့နယ်ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
New Suangpi ကျေးရွာ ပြည်သူများသည် ကလေးမြို့မှတစ်ဆင့် သိုင်းငင်းလမ်းအတိုင်း ဖလမ်းမြို့သို့ စစ်ကြောင်းထိုး အင်အားဖြည့်တင်းလာသည့် စစ်ကော်မရှင်၏ စစ်ကြောင်းကြောင့် ဇန်နဝါရီ ၂၀ ရက်ကတည်းက ရွာလုံးကျွတ် တိမ်းရှောင်ခဲ့ကြရသည်။
အဆိုပါ စစ်ကော်မရှင် စစ်ကြောင်းသည် ဇန်နဝါရီ ၂၃ ရက်နေ့တွင် ဖလမ်းမြို့နယ်ဘက်သို့ ထပ်မံ စစ်ကြောင်းချီတက်သွားသည့်အတွက် New Suangpi ရွာသားများသည် စစ်ဘေးရှောင်ရာမှ နေအိမ် အခြေအနေကို သွား ရောက်ကြည့်ရှူခဲ့ခြင်းဖြစ်သည်။
“ရွာက စစ်သားတွေ ဖလမ်းဘက် သွားကြတော့ ရွာသားတချို့ ရွာပြန်လို့ရ မရ၊ နေအိမ် ပျက်စီးမှု အခြေအနေ သွားကြည့်ကြတယ်။ အဲလို သွားကြည့်ရင်း ရွာထိပ်မှာ ထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိတာပါ။ အခုရွာသားတွေက ရွာပြန်ရမှာကို မိုင်းအန္တရာယ်အတွက် စိုးရိမ်နေကြတယ်”ဟု တီးတိန် မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီးနောက် ရွာဘေးပတ်လည်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ဆက်ရှိနေမည်ကို ရွာသားများက စိုးရိမ်နေကြပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း တီးတိန်မြို့နယ်၊ ဘဲ့ကန့်ကျေးရွာတွင် နွားနောက်ရှာသည့် ဒေသခံအမျိုးသားနှစ်ဦး မိုင်းနင်းမိ၍ သေဆုံးခဲ့သည်။
ပုံစာ-ခြေထောက်ဖြတ်တောက်ခဲ့ရသည့် စစ်ဘေးရှောင်