နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်

 

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြုလုပ်သည့် လူထုလက်မခံသော တစ်ဖတ်သတ် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ကျားဖြူပါတီဟု ခေါ်ဝေါ်သည့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် တိုင်းရင်းသားပါတီတို့ ပြည်သူ့လွှတ်တော်နေရာ ငါး နေရာသာ အနိုင်ရခဲ့ကြောင်း သိရသည်။

 

စစ်ကော်မရှင်သည် ၎င်းတို့၏ တစ်ဖတ်သတ် ရွေးကောက်ပွဲ အပိုင်း (၃) ကို စစ်ရေးပြင်းထန် ဒေသများ အပါအဝင် မြို့နယ် ၆၁ မြို့နယ်တွင် ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်က အနိုင်ရ ပြည်သူ့လွှတ်တော်နေရာ ၅၄ ဦး၏ အမည်စာရင်းများကို ယမန်နေ့ ဇန်နဝါရီ ၂၈ ရက်က ထုတ်ပြန် ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်များအရ စစ်ကော်မရှင် လက်ဝေခံ ကြံ့ခိုင်ရေးပါတီက မြို့နယ် ၅၄ မြို့နယ်တွင် ပြည်သူ့ လွှတ်တော်နေရာ ၅၀ ဦး၊ ကျားဖြူပါတီ ၂ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီနှင့် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီတို့မှာ ၁ နေရာစီ အနိုင်ရထားခဲ့ကြောင်း သိရသည်။

 

ထိုအနိုင်ရ ကြံ့ခိုင်ရေးပါတီ အမတ်များထဲတွင် စစ်ကော်မရှင်ခန့် သမ္မတရုံးဝန်ကြီး၊ အလုပ်သမားဝန်ကြီး၊ ရေချုပ်နှင့် ဝန်ကြီးဟောင်းသားဖြစ်သူ စစ်ကော်မရှင်၏ လက်ကိုင်တုတ် သတင်းမီဒီယာကောင်စီ အတွင်းရေးမှူးတို့ ပါဝင်ပြီး ကြိုတင်မဲ သာလွန်မှုဖြင့် အနိုင်ရခြင်းလည်းဖြစ်သည်။

 

စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူက လက်မခံဆန့်ကျင်နေသကဲ့သို့ နောက်ဆုံးအကြိမ်အဖြစ် ဇန်နဝါရီ ၂၅ ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲ အပိုင်း(၃)တွင်လည်း ဖိအားပေး ခြိမ်းခြောက်မှုကြောင့် သက်ကြီးရွယ်အိုနှင့် လူနည်းစုသာ လာရောက်မဲပေးခဲ့ပြီး ခုခံ တိုက်ခိုက်မှု များလည်း ရှိခဲ့သည်။

စစ်ကော်မရှင်သည် လက်ရှိထုတ်ပြန်လာသော မြို့နယ်များအပြင် ကျန်ရှိ ၇ မြို့နယ်၌လည်း ပြိုင်ဘက် မရှိသဖြင့် ပြည်သူ့လွှတ်တော်နေရာများကို ကြံ့ခိုင်ရေးပါတီ ၆ ဦးနှင့် ကျားဖြူပါတီ ၁ ဦးတို့က ကြိုတင်အနိုင်ရထား၍ ကြံ့ခိုင်ရေးပါတီအနေဖြင့် စုစုပေါင်း ၅၆ ဦးအထိ ရှိခဲ့လာကြောင်း သိရသည်။

 

ပြိုင်ဘက်မရှိသဖြင့် ကြံ့ခိုင်ရေးပါတီနှင့် ကျားဖြူပါတီတို့ အနိုင်ရထားသော မြို့နယ်များမှာ ရွှေကူ၊ ကနီ၊ ဆားလင်းကြီး၊ လောင်းလုံ၊ ဖယ်ခုံ၊ မိုးနဲနှင့် မက်မန်းတို့ဖြစ်ပြီး မိုးနဲမြို့နယ်မှလွဲ၍ ကျန်ရှိ ခြောက် မြို့နယ်တွင်လည်း ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရထားခြင်းဖြစ်‌ကြောင်း သိရသည်။

 

ယင်းအနက်မှ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (ကာ/လုံ) ဗဟိုအကြံပေးအဖွဲ့ဝင် ဦးရန်ကျော်သည် ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု၍ မက်မန်းမြို့နယ်တွင် ပြိုင်ဘက်မရှိ ပြည်သူ့လွှတ်တော်နေရာ အနိုင်ရထားကြောင်း သိရသည်။

 

ထို့ကြောင့် ကျားဖြူပါတီအနေဖြင့်လည်း တစ်ဖတ်သတ် ရွေးကောက်ပွဲ အပိုင်း (၃) တွင် အနိုင်ရ ပြည် သူ့လွှတ်တော်နေရာ စုစုပေါင်း သုံး ဦးအထိ ရှိလာပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီနှင့် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီတို့မှာ တစ် နေရာစီ အနိုင်ရထားခြင်းဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ- လူမှုကွန်ရက်