ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်
ဒိန်းမတ်နိုင်ငံက ၂၀၂၅ – ၂၀၂၆ ခုနှစ်အတွက် မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ (MHF) ထံသို့ ယူရို ၂ ဒသမ ၉ သန်း (ဒိန်းမတ်ခရိုနာ ၂၁ ဒသမ ၇ သန်း) ထပ်မံလှူဒါန်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးက ယမန်နေ့ ဇန်နဝါရီ ၂၈ ရက်က ထုတ်ပြန်သည်။
အဆိုပါ ရန်ပုံငွေများကို မြန်မာနိုင်ငံအတွင်းရှိ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများမှတစ်ဆင့် ပဋိပက္ခ များနှင့် သဘာဝဘေးအန္တရာယ်ကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူများအား ဦးစားပေးကူညီ နိုင်ရန် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ဒိန်းမတ်နိုင်ငံသည် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) နှင့် ပူးပေါင်းကာ အကူအညီလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ရရှိစေရန် ကတိကဝတ်ပြုထားပြီး ယခုနှစ်အတွင်း ပဋိပက္ခနှင့် ဘေးအန္တရာယ်သင့်ဒေသများကို အဓိကထား ကူညီမည်ဖြစ်သည်။
ယခု အစီအစဉ်အရ မြန်မာ တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံး၏ သုံးပုံနှစ်ပုံခန့်အထိ အကူအညီပေးနိုင်ရန် လျာထားကြောင်း ကုသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးမြန်မာ ( UNOCHA) ထံမှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း၌ ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP) ၃ ဒသမ ၆ သန်းရှိနေပြီး ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပိုမိုလိုအပ်နေကြောင်း UNOCHA ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဒိန်းမတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီများ ဆက်လက်ပေးအပ် နေသော်လည်း၊ သံတမန်ရေးရာ ပြန်လည်ပြုပြင်ဖွဲ့စည်းမှုအရ ရန်ကုန်မြို့ရှိ ဒိန်းမတ်သံရုံးကို ယခု ၂၀၂၆ ခုနှစ်ကုန်တွင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သံရုံးက ကြေညာထားသည်။
ဓာတ်ပုံ – ဒိန်းမတ်သံရုံး