ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်
တိုက်ပွဲများ ရက်အတန်ကြာ ငြိမ်သက်နေသည့် ရခိုင်ပြည်နယ် မြို့တော်စစ်တွေတွင် လက်နက်ကြီး အသံများ ပြန်လည်ကြားလာရပြီးနောက် စစ်ကော်မရှင်က စစ်တွေမြို့အနီး မြို့နယ်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
စစ်တွေ- ပုဏ္ဏားကျွန်းအစပ်ရှိ ကွမ်းတောင်ကျေးရွာကို ယမန်နေ့ ဇန်နဝါရီ ၂၈ရက် မွန်းလွဲ ၂နာရီခန့်တွင် စစ်ကော်မရှင်က ဒရုန်းဗုံးများကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းများမှ သိရသည်။
”စစ်တွေမှာ ပစ်ခတ်သံတွေပြန်ကြားလာရပြီးတော့ အနားကျေးရွာတွေကို ဗုံးကြဲလာတာ။ မီးလောင်ဗုံး တွေနဲ့ တိုက်ခိုက်တာလို့ ပြောပါတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဒရုန်းတွင် မီးလောင်ဗုံးများတပ်ဆင်ကြဲချခဲ့သည့်အတွက် နေအိမ်များမီးလောင်ပျက်စီးခဲ့ပြီး လူထိခိုက် သေဆုံးမှု ကိုမူ စိစစ်နေကြောင်း သိရသည်။ ထို့အပြင် ပေါက်တောရှိ သဲခုံရွာကိုလည်း ပေါင် ၅၀၀ဗုံးများဖြင့် ကြဲချတိုက်ခိုက်သည့်အတွက် ရေလုပ်ငန်းဖြင့် သက်မွေးမှုပြုကြသည့် ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်ကြရကြောင်း သိရသည်။
စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်ကလည်း ပုဏ္ဏားကျွန်းရှိ ပက်ခွက်ဆိပ်ကျေးရွာကို လေ ကြောင်းမှ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်တိုင်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
စစ်တွေတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ရက်နေ့မှစတင်၍ AA ၏ လက်နက်ကြီးဖြင့် ပစ်ခတ်သံများကို ပြန်လည်ကြားလာရပြီးနောက် စစ်ကော်မရှင်က ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာသည်။
ဓာတ်ပုံ- Deep sigh
ပုံစာ- လေကြောင်းတိုက်ခိုက်ခံရသည့် ကွမ်းတောင်ရွာ