ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ရက်
ကျောက်ဖြူတွင် နေရာ သုံးခုထက်မနည်း၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကော်မရှင်က ကြည်း၊ ရေ၊ လေမှ အပြင်းအထန်ခုခံနေရကြောင်း သိရသည်။
ဓညဝတီရေတပ်ဌာနချုပ်နှင့် လေးမိုင်ခန့်သာကွာဝေးတော့သည့် ဦးကင်းကျေးရွာတွင် အာရက္ခတပ်တော် (AA) တပ်များ ဝင်ရောက်နေရာယူလိုက်ပြီး စစ်ကော်မရှင်က စစ်ကြောင်းများလွှတ်၍ တိုက်ခိုက်သည့် အတွက် ဇန်နဝါရီ ၂၇ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်နေသည်။
”တပ်တော်က ကျောက်ဖြူမြို့ထဲဝင်မယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်တပ်က မြို့အနီးထိ တပ်ဆုတ်နေရာယူထားသလို ရေတပ်ကို ကာကွယ်ဖို့လည်း အင်အားသုံးနေရတယ်” ဟုကျောက်ဖြူ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
သိုင်းချောင်း၊ ကြတ္တိန်၊ ကုလာဘာ၊ ဦးကင်းစသည့်နေရာများတွင် တိုက်ပွဲများရှိနေပြီး စစ်ကော်မရှင်က အင်အား ၄၀၀ ခန့်ကို စစ်ကြောင်းများခွဲကာ ထိုးစစ်ဆင်နေပြီး စက်တပ်လေထီး(ပါရာမော်တာ)များ အမြောက် အမြားသုံး၍ တိုက်ခိုက်နေကြောင်း သိရသည်။
စစ်ကော်မရှင်သည် ဓညဝတီရေတပ်ဌာနချုပ် တောင်ဘက်ရှိ လက်လွှတ်လိုက်ရသည့် နယ်မြေများကို ပြန် လည်ရယူရန် စစ်ကြောင်းထိုးလာရာ AA ၏ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်မှုကြောင့် တပ်ပြန်ဆုတ်နေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကော်မရှင်သည် ကျောက်ဖြူတိုက်ပွဲတွင် ရေတပ်ဌာနမှ လက်နက်ကြီးပစ်ကူ၊ ပင်လယ်ပြင်တွင် လှည့်လည်နေသည့် နေဗီများမှပစ်ကူနှင့် လေကြောင်း၊ ဒရုန်း၊ စက်တပ်လေထီးအများအပြားသုံး၍ AAကို ရင်ဆိုင်နေရသည်။
စစ်ကော်မရှင်သည် ဒေသခံများထွက်ပြေးတိမ်းရှောင်သွားကြသည့် ကျောက်ဖြူရှိ ကျေးရွာများတွင် ဝင်ရောက်နေရာယူကာ လက်နက်ကြီး အထိုင်စခန်းများပြုလုပ်ထားကြောင်း AA နှင့် ဆက်စပ်နေသည့် သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ သိရသည်။
ပုံစာ-စစ်ကော်မရှင်၏ စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်စစ်ရေး လေ့ကျင့်ခန်းလုပ်ဆောင်နေသည်ကို တွေ့ရစဉ် (ပုံဟောင်း)