ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်ဘေးရှောင်ပြည်သူများကို ကူညီစောင့်ရှောက်ပေးနေသည့် သက်တော်ကြီး ဆရာတော်တစ်ပါးကို လူတစ်စုက ကျောင်းဝန်းအတွင်းအထိ ဝင်ရောက်ကာ ရက်စက်စွာ သတ် ဖြတ်သွားသည့် ဖြစ်စဉ်တစ်ခု ယနေ့ ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
လားရှိုးမြို့၊ ရပ်ကွက် (၄)၊ မန်းလေးလမ်း၊ ရေကန်လမ်းဆုံ မီးပွိုင့်အနီးရှိ မဟာဗောဓရုံ ကျောင်းတိုက်တွင် သီတင်းသုံးနေသည့် ဆရာတော်ကို ယနေ့နံနက် ၇ နာရီခန့်တွင် လူတစ်စုက ဝင်ရောက်ပြီး သတ်ဖြတ် သွားခြင်းဖြစ်ကြောင်း သိရသည်။
ဆရာတော် ဦးကေသရသည် ဦးခေါင်းတွင် တူဖြင့် ထုရိုက်ခံထားရသည့် ဒဏ်ရာများအပြင် ဝမ်းဗိုက်တွင် ဓားဖြင့် ၁၂ ချက်ခန့် ထိုးနှက်ခံထားရပြီး သွားများကျိုးထွက်သည်အထိ ရက်ရက်စက်စက် ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
“ဆရာတော် ဦးကေသရက စစ်ရှောင်တွေကို ကူညီပေးနေတဲ့ဆရာတော်ပါ။ ဘယ်လိုကြောင့် ရက်ရက် စက်စက် ဝင်သတ်သွားရတာလည်း စဉ်းစားလို့မရဘူး”ဟု လားရှိုးမြို့နေ အမျိုးသမီးတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
လက်ရှိတွင် လားရှိုးမြို့ပေါ် ရပ်ကွက်များကို စစ်ကော်မရှင်တပ်က ထိန်းချုပ်ထားချိန်အတွင်း ယခုကဲ့သို့ လုံခြုံရေးတင်းကျပ်သည့် မြို့ပေါ်ရပ်ကွက်၌ ဆရာတော်တစ်ပါး ကျောင်းဝန်းအတွင်း သတ်ဖြတ် ခံရမှုအပေါ် ဒေသခံများအကြားတွင် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ဆရာတော် ဦးကေသရသည် လားရှိုးဒေသတွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများအား ၎င်း၏ကျောင်းတိုက်တွင် လက်ခံစောင့်ရှောက် ပေးခြင်းနှင့် ကူညီထောက်ပံ့ခြင်းများကို တက်ကြွစွာ လုပ်ဆောင်ပေးနေသည့် ဆရာတော်ဖြစ်သည်။
ဓာတ်ပုံ-လူမှုကွန်ရက်