ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ ရက်

 

ထိုင်းလူမျိူးများနှင့်မြန်မာနိုင်ငံသားများကြား ပဋိပက္ခဖြစ်ပွားခြင်းကို ရှောင်ရှားနိုင်ရန်အတွက် ၁၄ ရက်တာအပြင်မထွက်ရေးလှုပ်ရှားမှုအစီအစဉ်တွင် ပါဝင်လှုပ်ရှားသူ များပြားလျက်ရှိကြောင်း သိရသည်။

 

ထိုင်းရောက် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့လုပ်ကိုင်သည့် လုပ်ငန်းဆောင်တာများ လုပ်ဆောင်သည်မှလွဲ၍ ၁၄ ရက်တာအတွင်း ကျန်သည့်အချိန်များတွင် မလိုအပ်ပဲ အပြင်မထွက်ကြရန်၊ လုစုလူဝေးများမပြုလုပ်ကြရန် တိုက်တွန်းထားသည့် လှုံဆော်မှုတွင် ငြိမ်းချမ်းစွာပါဝင်ဆင်နွှဲနေကြခြင်း ဖြစ်သည်။

“၁၄ရက်တင်မဟုတ်ဘူး။ ထိုင်းနိုင်ငံထဲမှာ အနေအထိုင်ဆင်ခြင်ပြီး မျက်စိနောက်စရာမျိုးတွေ ရှောင်ရှားပြီးနေရမှာက ထိုင်းမှာရှိနေသ၍ ရှောင်ရှားပြီးနေသွားရမှာဖြစ်တယ်။ ၁၄ ရက်နဲ့စတင် အသိသတိပေးပြီး စတင်နှိုးဆော်တိုက်တွန်းပြီး ပါဝင်လာကြတယ်” ဟု အဆိုပါ ၁၄ရက်တာ အပြင်မထွက်ရေးလှုံ့ဆော်မှုကို စတင်တိုက်တွန်းသူတစ်ဦးဖြစ်သည့် အေအေစီကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထိုင်း‌ရောက်မြန်မာနိုင်ငံသားများအနေဖြင့် ပဋိပက္ခများကို မလိုလားပဲ ငြိမ်းချမ်းစွာနေထိုင်လိုကြောင်း ပြသလိုကြသည့်အတွက် ယခုလှုပ်ရှားမှုတွင် ပါဝင်သူအများအပြားရှိပြီး ယခင်က မြန်မာနိုင်ငံသားများဖြင့် စည်ကားလေ့ရှိသည့် ဈေးများ၊ ပွဲအခမ်းအနားများတွင် လာရောက်သူနည်းပါးသွားကြောင်းလည်း သိရသည်။

“ပြသနာကိုမီးမွှေးပေးနေတာ အလုပ်သမားတွေမဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ အကြမ်းဖက်စစ်အုပ်စုဘက်ကလူတွေဖြစ်တယ်။ အခုလိုမျိုးအနေအထိုင်ဆင်ခြင်ပြီး ကိုယ့်ဟာကို အေးအေးချမ်းချမ်းနေတဲ့လုပ်ငန်းစဉ်ဟာ ငွေကုန်ကြေးကျသက်သာတယ် ပြသနာလဲမတက်တော့ဘူး။ တဖက်ကလိုက်ချိတ်ချင်တဲ့ သူတွေလည်းမချိတ်တော့ဘူး။ အဖက်ဖက်ကကောင်းတဲ့အစီအစဉ်ကို ဝေဖန်တဲ့သူတွေဟာ ဘယ်လိုလူတွေလဲဆိုတာ အဖြေထုတ်လို့ရတယ်” ဟု အေအေစီ ကိုရဲမင်းက ဆက်လက်ပြောသည်။

 

လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း ထိုင်းလူမျိုးများနှင့် မြန်မာနိုင်ငံသားများကြား ပဋိပက္ခဖြစ်ပွားစေရန်ရည်ရွယ်သည့် သွေးထိုးလှုံ့ဆော်မှုများ၊ အွန်လိုင်းပေါ်မှအမုန်းစကားများ အများအပြားရှိနေပြီး ထိုင်းနိုင်ငံရေးပါတီငယ်တခုကလည်း ၎င်းတို့အစိုးရဖြစ်ပါက မြန်မာအလုပ်သမားရေးဆောင်ရွက်သူများကို နှိမ်နင်းမည်ဖြစ်ကြောင်း ပြောဆိုကာ မဲဆွယ်မှုများ ပြုလုပ်လျက်ရှိသည်။

ဓာတ်ပုံ – ကိုရဲမင်း၊ Chit Min Htet