ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ ရက်
စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများဖြစ်သော တယ်လီကွန်းလုပ်ငန်း Mytel ၊ မြန်မာဘီယာ၊ နန်းမြိုင်ကော်ဖီ၊ ဆင်မင်းဘိလပ်မြေလုပ်ငန်းများအပါအဝင် ဆက်စပ်လုပ်ငန်းများ၏ လူမှုကွန်ရက် ၂၇၀ ခုကို Facebook ၏ မိခင်ကုမ္ပဏီ Meta က ဖယ်ရှားလိုက်ကြောင်း Justic For Myanmar က ယမန်နေ့က ထုတ်ပြန်သည်။
စစ်တပ်ထောက်တိုင်စီးပွားရေးလုပ်ငန်းစုကြီးများဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ( MEC) နှင့် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် ( MEHL) တို့၏ ကုမ္ပဏီခွဲများမှ လုပ်ငန်းတံဆိပ်များပါဝင်ကြောင်း သိရသည်။

Facebook မှ ဖယ်ရှားခံရသောအကောင့်အများစုတွင် Mectel ၊ အင်းဝဘဏ်၊ မြဝတီဘဏ်၊ ဆင်မင်းဘိလပ်မြေ၊ မြန်မာဘီယာ၊ ဒဂုန်ဘီယာ၊ နန်းမြိုင်ကော်ဖီ၊ Indoor Skydiving စီးပွားရေးလုပ်ငန်းအကောင့်များနှင့် ဝါဒဖြန့်ချီရေးအကောင့်များဖြစ်သည့် A Light for Justic 3၊ News Service Station နှင့် Myanmar Information Community တို့ပါဝင်ကြောင်းထုတ်ပြန်သည်။
အဆိုပါအကောင့်များသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများအတွက်ပြစ်ဒဏ်ခံရခြင်းမှ ကင်းလွတ်နေပြီး စစ်တပ်အတွက်ဆက်လက်ပံ့ပိုးကူညီနေသည့်အကောင့်များ ဖြစ်ကြောင်းပါဝင်သည်။
ထို့ပြင် Google ၏ မိခင်ကုမ္ပဏီ Alphabet၊ Apple၊ TikTok နှင့် Telegram တို့အနေဖြင့်လည်း မြန်မာစစ်တပ်၏ စီးပွားရေးလုပ်ငန်းများနှင့် ဝါဒဖြန့်ချိရေးအကောင့်များကို ယခုချက်ချင်း ပိတ်ပင်ရန်Justice For Myanmar က ထပ်မံတောင်းဆိုထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်တပ်နှင့်ဆက်စပ်အကောင့်များကို Facebook ထံပေးပို့တိုင်ကြားခဲ့ခြင်းဖြစ်ပြီး သတင်းအချက်အလက် မျှဝေပေးသူအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း Justice For Myanmar က ဆိုသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ပြန်ကြားရေးဝန်ကြီးဌာနအပါအဝင် စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာနတို့မှ ဝါဒဖြန့်ချီရေးအကောင့်များအား Twitch၊ Facebook၊ YouTube နှင့် MediaFire တို့က ဖြုတ်ချဖယ်ရှားလိုက်ကြောင်း Justice For Myanmar က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – JFM ၊ လူမှုကွန်ရက်