နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ ရက်

စစ်ကိုင်းနှင့် တနင်္သာရီတိုင်းရှိ မြို့နယ်များတွင် ပြိုင်ဘက်မရှိ၍ ကြံ့ခိုင်ရေးပါတီ အနိုင်ရသော်လည်း အာဏာသိမ်း စစ်ကော်မရှင်အနေဖြင့် ခုခံတော်လှန် တိုက်ခိုက်မှုများကြောင့် ၎င်းတို့တစ်ဖတ်သတ် ရွေးကောက်ပွဲ အပိုင်း(၃)ကို ဟန်ပြသာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်က ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်၌ ပြုလုပ်သည့် တစ်ဖတ်သတ် ရွေးကောက်ပွဲ အပိုင်း(၃)တွင် စစ်ကိုင်းတိုင်းရှိ ကနီ၊ ဆားလင်းကြီးမြို့နယ်နှင့် တနင်္သာရီတိုင်းရှိ လောင်းလုံ၊ သရက်ချောင်း၊ ပုလောမြို့နယ်တို့ ပါဝင်၍ ကြံ့ခိုင်ရေးပါတီ အနိုင်ရခဲ့ကြောင်း သိရသည်။

အဆိုပါမြို့နယ် ငါး မြို့နယ်အနက် ပုလောမြို့နယ်မှလွဲ၍ စစ်ကော်မရှင် လက်ဝေခံ ကြံ့ခိုင်ရေးပါတီက တခြားနိုင်ငံ‌ရေးပါတီများ ဝင်ပြိုင်ခြင်းမရှိသဖြင့် ပြည်သူ့လွှတ်တော်နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် (FPTP) နေရာများ ကြိုတင်အနိုင်ရခဲ့သည်။

အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှု အားကောင်းသော ယင်း‌မြို့နယ်များ၌ စစ်ကော်မရှင်နှင့် နွေဦးတော်လှန်ရေး တပ်ဖွဲ့များအကြား စစ်ရေး တင်းမာလျက်ရှိပြီး ရွေးကောက်ပွဲ ပြုလုပ်သည့် နေ့တွင်ပင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်သည် ၎င်းတို့ ရွေးကောက်ပွဲ အပိုင်း (၃) ပြုလုပ်သည့်နေ့နှင့် ယင်းမတိုင်ခင် ရှေ့ရက်များတွင် ကနီမြို့နယ်ရှိ ကျေးရွာများကို ပါရာမော်တာ၊ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲရာ အရပ်သားများ ထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များကို အပြစ်လွဲချထားသည်။

ထို့ကြောင့် ယင်းမြို့နယ်တွင် စစ်ကော်မရှင်အနေဖြင့် ဟန်ပြလောက်သာ ၎င်းတို့ရွေးကောက်ပွဲ ပြုလုပ်နိုင်ပြီး ပြည်သူများကလည်း လက်မခံဆန့်ကျင်နေသောကြောင့် မဲလာပေးသူ လွန်စွာနည်းပါး၍ တိမ်းရှောင်နေကြကြောင်း သတင်းများအရ သိရသည်။

အလားတူ ဆားလင်းကြီး၊ လောင်းလုံ၊ သရက်ချောင်းမြို့နယ်တွင် စစ်ကော်မရှင်၏ တပ်စွဲနေရာများကို ရွေးကောက်ပွဲ အပိုင်း(၃) ပြုလုပ်သည့်နေ့၌ တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သကဲ့သို့ ပုလောမြို့နယ်တွင်လည်း စစ်ရေးတင်မားနေသဖြင့် နေရာအချို့တွင်သာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကော်မရှင်၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း လတ်တလော သတင်းများအရ စစ်ကိုင်းနှင့် တနင်္သာရီတိုင်းရှိ လွှတ်တော်နေရာအများစုကို ကြံ့ခိုင်ရေးပါတီက ကြိုတင်မဲ သာလွန်မှုဖြင့် အနိုင်ရထားကြောင်း သိရသည်။

ဓာတ်ပုံ-MOI